မြောက်ဦးမြို့စွန်တွင် လက်နက်ကြီးကျ ကလေးငယ် နှစ် ဦးသေ၊ ခြောက် ဦး ဒဏ်ရာရ

မြောက်ဦးမြို့စွန်တွင် လက်နက်ကြီးကျ ကလေးငယ် နှစ် ဦးသေ၊ ခြောက် ဦး ဒဏ်ရာရ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အဝင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Maung Win

ရန်ကုန်၊ ဒီဇင်ဘာ ၂ ။         ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့စွန်ရှိ သကျမာရ်အောင်ဘုရားအနီးနား အလယ်ဈေးရပ်ကွက်ထဲသို့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် နှစ် ဦးသေဆုံးကာ ခြောက် ဦး ဒဏ်ရာရရှိသွားကြောင်း မြောက်ဦး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုမှာ ယနေ့ (ဒီဇင်ဘာ ၂ ရက်နေ့) ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သကျမာရ်အောင်ဘုရားမှာ မြောက်ဦးမြို့ထဲမှလာပါက ၁၀ မိနစ်ခန့်သာ သွားရသည့် နေရာဖြစ်ကြောင်း ဂရုဏာသွေးအလှူရှင်များအသင်းဥက္ကဌ ဦးအောင်သန်းထွန်းက ပြောသည်။

မြောက်ဦး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်က “ အကြမ်းအားဖြင့် သကျမာရ်အောင်ဘုရားအနီးနားမှာ သွားကျတယ်လို့ သိရတယ်။ နှစ် ဦး သေတယ်လို့ သိရတယ်။ ခြောက် ဦး ဒဏ်ရာရသွားတယ်” ဟု ဆိုသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူ နှစ် ဦးထဲမှ ၅ လအရွယ် ကလေးငယ် တစ်ဦး ပါဝင်ပြီး ဒဏ်ရာရရှိသူများထဲမှ သုံး ဦးမှာ စိုးရိမ်ရသည့် အနေအထားရှိရာ မြောက်ဦးမြို့နယ် ဆေးရုံးသို့ ပို့ဆောင် ကာ ဆေးကုသမှု လုပ်နေကြောင်း ဂရုဏာသွေးအလှူရှင်များအသင်းဥက္ကဌ ဦးအောင်သန်းထွန်းက ပြောသည်။

“ကျွန်တော်တို့ သွားကယ်တဲ့အချိန်က ၅ နာရီ စွန်းစွန်းလောက်ပေါ့” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် ရှာရှည်ပြင်(လျှာရှည်ပြင်)ကျေးရွာက နေအိမ် တစ်လုံးပေါ်ကို လက်နက်ကြီး ကျရောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သား ငါး ဦး  ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်အပါအဝင် မြို့နယ်တချို့မှာ ရခိုင်တပ်(AA) နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲရှောင် တစ်သိန်းဝန်းကျင်လောက် ရှိနေကြောင်းလည်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly