မြန်မာ စက်ဘီးစီးသမား ၂၀ ကျော်ခန့် ပါဝင်သည့် BNM အဖွဲ့ မိုင်ပေါင်း ၅၀၀ ကျော် ဖြတ်သန်းမည်

မြန်မာ စက်ဘီးစီးသမား ၂၀ ကျော်ခန့် ပါဝင်သည့် BNM အဖွဲ့ မိုင်ပေါင်း ၅၀၀ ကျော် ဖြတ်သန်းမည်
 Bicycle Network Myanmar

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက်။         ။ မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ဖြစ်သည့်  Bicycle Network Myanmar အဖွဲ့သည် မြန်မာ-ထိုင်း ချစ်ကြည်ရေးနှင့် ခရီးသွားကဏ္ဍာ တိုးမြှင့်ရေးရည်ရွယ်ပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ မိုင် ပေါင်း၅၈၇ မိုင် ကို စက်ဘီးစီးခရီးစဉ်အဖြစ် ဒီဇင်ဘာ ၂ ရက်က စတင်သွားခဲ့ကြသည်။

ကီလို မီတာအားဖြင့် ၉၄၀ အကွာအဝေးရှိ ခရီးစဉ်ကို  တနင်္လာနေ့ မနက်အစောပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်း ရှေ့မှ စတင်စီးနင်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံမြို့တော် ဘန် ကောက်မြို့သို့ စီးနင်းမည်ဖြစ်သည်။

BNM မှအတွင်းရေးမှူးဖြစ်သူ ကိုတာတီးက "ခရီးသွားဖွံ့ဖြိုးမှုနဲ့ စက်ဘီး အားကစား တိုးတက်လာအောင် အခု တူညီ ဝတ်စုံလေးတွေနဲ့ စက်ဘီးနင်းတာကို တွေ့လာကြရင် စက်ဘီးနင်းတာကို ဝါသနာပါလာကြမယ်၊ စီးနင်း လာကြမယ်။ အခုက ထိုင်းနိုင်ငံဘက်က လာ လာစီးကြတယ်။ ကော့သောင်း၊ ထားဝယ် ၊မော်လမြိုင်၊တချို့ဆို ရန်ကုန်ကို ၄-၅ ဖွဲ့လောက် ရောက်ဖူးကြ တယ်။ သူတို့ လာစီးနေကြတာကို မြန်မာပြည်ကလည်း ထိုင်းဘက်ကို သွားစီးတယ်ဆိုတဲ့ ချစ်ကြည်ရင်းနှီးမူကို သရုပ်ဖော်ပြီး သွားကြတာပါ " ဟု မဇ္ဈိမသို့ ပြောသည်။

ခုနှစ်ရက် ကြာမြင့်မည့် စက်ဘီးစီးနင်းသည့် ခရီးစဉ်ကို မြန်မာနိုင်ငံဘက်မှ ပြည်တွင်း စက်ဘီးစီးသမား ၂၁ ဦး ပါဝင်မည်ဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်မြို့များ ဖြစ်ကြသည့် မြဝတီ-မယ်ဆောက်အရောက်တွင် ထိုင်းဘက်မှ စက်ဘီး စီးသမားနှင့် ပူးပေါင်းပြီး ဘန်ကောက်မြို့အထိ စီးနင်းကြမည်ဖြစ်ကာ အပြန်ခရီးစဉ်တွင်မူ လေယာဉ်ခရီးစဉ်ဖြင့် သာ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

BNM ဥက္ကဋ္ဌ ကိုဇော်မိုးကတော့ " အခုဆို မူးယစ်ဆေးဝါး၊ အရက်သေစာတွေက နေရာတိုင်းမှာ ဝယ်လို့ရနေပြီး ရေသန့်ဘူးသာ မရရင်မရမယ် အရက်က နေရာတိုင်း ဝယ်လို့ရနေတယ်။ လူငယ်တွေက အဲဒီဟာတွေမှ နစ်မွန်းပြီး အားကစားဘက်က တအား ကြီးကို အားနည်းသွားကြတယ်။ စက်ဘီးတော့ စက်ဘီးဝတ်စုံ ၊ စက်ဘီးဦးထုပ်နဲ့ ဆိုတော့ အမြင်လေး စမ်းစမ်း နဲ့ အဲဒီနည်းလမ်းလေးနဲ့လူငယ်တွေကို ပြန်ပြီးဆွယ်တာပါ။

ဒီဘက်ကိုပါလာတဲ့အတွက် ဟိုဘက်ကို လျော့သွား တာပေါ့။ အားကစားဘက်ကို စိတ်ပါလာရင် မူးယစ်ဆေးတို့ဘာတို့ကို စိတ်က လျော့သွားပါတယ်" ဟု မဇ္ဈိမသို့ ပြော သည်။

BNM အဖွဲ့အနေဖြင့် ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံသို့ စီးနင်းခဲ့ဖူးကာ ချင်းမိုင်သို့ ရောက်ရှိခဲ့သလို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့လည်း ရောက်ခဲ့ကြောင်း သိရှိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly