အပင်များ၏ DNA ဆိုင်ရာ တွေ့ရှိချက်အရ လူသားတို့၏ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်မည့် အလားအလာသို့ ဦးတည်နေဟု ဆို

အပင်များ၏ DNA ဆိုင်ရာ တွေ့ရှိချက်အရ လူသားတို့၏ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်မည့် အလားအလာသို့ ဦးတည်နေဟု ဆို

ဒီဇင်ဘာ ၂ ။            ။ ဆဲလ်တစ်ခုတည်းသာ ရှိသည့် တိရစ္ဆာန်များနှင့် လူသားများအကြားက ကလာပ်စည်း ထာဝရရှင်သန်မှုဆိုင်ရာ ပျောက်နေသည့် ကွင်းဆက်တစ်ခုကို အပင်သက်ရှိလောကထဲအတွင်းမှာ သိပ္ပံပညာက ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း အရီဇိုးနား ပြည်နယ် တက္ကသိုလ်နှင့် တက္ကဆက် A&M တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များ ဦးဆောင်ခဲ့သည့် လေ့လာချက်သစ်တစ်ခုအရ သိရသည်။

“ အပင်တွေဆီက telomerase အစိတ်အပိုင်းရဲ့ အသေးစိတ်ဖွဲ့စည်းတည်ဆောက်ပုံကို ကျွန်တော်တို့ ဖော်ထုတ်နိုင်ခဲ့တာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်” ဟု အရီဇိုးနားပြည်နယ် တက္ကသိုလ်မှ ဇီဝဓာတုဗေဒဆိုင်ရာ ပါမောက္ခ Dr. Julian Chen က ပြောသည်။

အဆိုပါ လေ့လာချက်ကို အမျိုးသား အကယ်ဒမီ သိပ္ပံဂျာနယ်တွင် နိုဝင်ဘာ ၁၈ ရက်က ဖော်ပြထားခဲ့သည်။

ကျွန်တော်တို့၏ ခရိုမိုဆုမ်း (ဗီဇဆောင်မျှင်) ၏ အစွန်းပိုင်းတွင်တည်ရှိသော compound structures များဖြစ်သည့် telomeres ၏ DNA ကို ဖန်တီးသော အင်ဇိုင်းသည် Telomerase ဖြစ်သည်။

Telomeres သည် ယင်းတို့ တိုးပွားလာသည်နှင့်အမျှ ကျွန်တော်တို့၏ ဆဲလ်များကို အိုမင်းရင့်ရော်မှုမှ ကာကွယ်ပေးသည်။

“ အခြေခံကျတဲ့ သုတေသန အရဆိုရင် ဒါက တကယ့်ကို ကြီးမားတဲ့ ထိုးဖောက်တွေ့ရှိမှုကြီးတစ်ရပ်ပါ၊ ဘာလို့လဲ ဆိုတော့ ခုဆိုရင် ကျွန်တော်တို့ဟာ အပင်တွေမှာ telomerase ကို လေ့လာနိုင်တဲ့ နည်းလမ်း ရှိနေပါပြီ၊ ပြီးတော့ ဒါတွေက တိရစ္ဆာန်တွေနဲ့အကြား ဘယ်လို ကွာခြားသလဲ၊ ဘယ်လို တူညီသလဲဆိုတာကို သဘောပေါက်နားလည်အောင် လေ့လာနိုင်မယ့် နည်းလမ်းတစ်ရပ် ရှိနေပါပြီ” ဟု Chen က ပြောသည်။

ယခု တွေ့ရှိမှုသည် တစ်နေ့နေ့ တစ်ချိန်ချိန်ကျလျင် လူသားတို့ကို ဒဏ္ဍာရီလာ နှစ်သက်တမ်း ၅,၀၀၀ ကျော် နေနိုင်သည့် “Methuselah” အပင် သက်တမ်းကဲ့သို့ နေသွားစေနိုင်မည့် အလားအလာကို ဦးတည်ကောင်း ဦးတည်နေနိုင်သလား ဆိုသည့် မေးခွန်းအတွက် အဖြေက တစ်နေ့နေ့တွင် ဖြစ်ကောင်းဖြစ်လာနိုင်သည်ဟု ဆိုရမည်ဖြစ်သည်။

“ ဒါက တကယ့်ကို အခြေခံကျတဲ့ တွေ့ရှိမှုတစ်ခုပါ၊  လူသားတွေအတွက် အသုံးချဖို့ဆိုတာကတော့ တကယ့် အရမ်း အလှမ်းကွာဝေးနေပါဦးမယ်” ဟု Chen က ပြောသွားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly