လူတော်တော်များများသတိမထားမိတဲ့ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ

လူတော်တော်များများသတိမထားမိတဲ့ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါကမြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာတော်တော်လေးအဖြစ်များနေကြပါတယ်။ လူတော်တော်များများက သူတို့ဆီမှာ ဒီရောဂါခံစားနေရတာကို အချိန်တော်တော်ကြာတဲ့အထိမသိဘဲဖြစ်နေတာမျိုးလည်းရှိတတ်ပါတယ်။ တကယ်တော့ ဒီရောဂါကအဖြစ်များပါတယ်။ လူတော်တော်များများက သတိမထားမိဘဲဖြစ်နေတတ်ကြတာပါ။ ပုံမှန်အားဖြင့်ကတော့ သတိပြုမိဖို့ ခက်ခဲတတ်ပါတယ်။ ဒီရောဂါက စနစ်တကျကုသဖို့လိုပြီး မကုသဘဲထားမယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်တာကို သတိလက်လွတ်ဖြစ်နေတတ်ကြပါတယ်။ ဒီတော့ ကိုယ်တိုင်မှာဖြစ်ဖြစ် မိသားစုဝင်တွေနဲ့ ချစ်ခင်ရသူတစ်ဦးဦးမှာဖြစ်ဖြစ်ရောဂါခံစားနေရလားဆိုတာကို သိရှိအောင်လုပ်ဆောင်နိုင်မယ့် အကြောင်းလေးကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးမယ်နော်။
နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ဆိုတာ

ခြေထောက်မှာရှိတဲ့သွေးပြန်ကြောရဲ့ အဆို့ရှင်ကကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့် နှလုံးဆီသွေးပြန်ပို့တဲ့အခါသွေးတွေဘက်ပြန်စီးဆင်းမှုဖြစ်ပြီးသွေးပြန်ကြောထဲမှာသွေးတွေစုသွားတဲ့အခြေအနေမျိုးပါ။ အပေါ်ယံအရေပြားအောက်ဘက်မှာသွေးတွေစုနေတာမျိုးသွေးကြောတွေထုံးနေတာမျိုးတွေ့ရနိုင်ပါတယ်။ခြေထောက်အောက်ဘက်ပိုင်းမှာတွေ့ရများပေမယ့် ဒီဝေဒနာက ခန္ဓါကိုယ်မှာရှိတဲ့သွေးပြန်ကြောတွေတိုင်းမှာခံစားရနိုင်ပါတယ်။

ဒီဝေဒနာခံစားရတဲ့အခါမြန်နိုင်သမျှမြန်မြန်ကုသမှုခံယူဖို့လိုအပ်မှာပါ။ ကုသမှုမြန်မြန်ခံယူနိုင်မှာ ကုထုံးကထိရောက်မှုရှိပြီး သက်သာပျောက်ကင်းဖို့ အခွင့်အလမ်းများတာကြောင့်ရောဂါလက္ခဏာတွေကိုမြန်မြန်သိရှိဖို့လိုအပ်ပါမယ်။ ဒီတော့ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ CVIရောဂါခံစားရရင်ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။
ဒီလိုလက္ခဏာတွေခံစားရနိုင်ပါတယ်

  •     ခြေထောက်တွေထဲက နာကျင်နေခြင်း
  •     ခြေထောက်လေးလံခြင်း (အထူးသဖြင့် တစ်နေကုန် အလုပ်လုပ်ပြီးနောက်)
  •     ခြေထောက်ဖောရောင်ခြင်း
  •     ခြေထောက်အပ်စူးသလို ခံစားရခြင်း (သို့မဟုတ်) ထုံကျဉ်ခြင်း
  •     ကြွက်တက်ခြင်း (အထူးသဖြင့် ညပိုင်းတွင်)
  •     ခြေထောက်ယားယံခြင်း၊နေရခက်ခြင်း

ဒီအချက်တွေကြောင့်ရောဂါခံစားရနိုင်ပါတယ်

ဘယ်သူတစ်ဦးတစ်ယောက်မဆို နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ကိုခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီလူတွေကခံစားရနိုင်ခြေ ပိုများနေပါတယ်။

  •     အဝလွန်တဲ့သူတွေ
  •     ကိုယ်ဝန်ဆောင်မိခင်တွေ
  •     အထိုင်များတဲ့သူတွေ
  •     ဆေးလိပ်သောက်တတ်တဲ့သူတွေ
  •     သွေးပြန်ကြောမှာသွေးခဲတတ်တဲ့သူတွေ
  •     မျိုးရိုးရှိသူတွေ
  •     အချိန်ပြည့်မတ်တတ်ရပ်နေရသူတွေ
  •     အသက် ၅၀ကျော်သူတွေ
  •     အမျိုးသမီးတွေ မှာ CVIရောဂါခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများနေတတ်ပါတယ်။

စောစီးစွာမကုသလျှင် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေက

  • (၁) ခြေထောက်လေးလံခြင်း၊ နာခြင်း၊ ကြွက်တက်ခြင်း
  • (၂)ပင့်ကူမျှင်သွေးကြောထုံး
  • (၃)ကောက်ကွေးကြီးမားသောသွေးကြောထုံး
  • (၄)ဖောရောင်ခြင်း
  • (၅)ခြေထောက်အညိုအမဲစွဲခြင်း
  • (၆)အနာကျက်သောခြေထောက်အနာ
  • (၇)အနာမကျက်သော ဆိုးရွားသည့်သွေးပြန်ကြောအနာ

ရောဂါခံစားနေရတာကို ဒီလိုနည်းနဲ့ စစ်ဆေးသိရှိနိုင်ပါတယ်

ဆရာဝန်ကိုသွားရောက်ပြသတဲ့အခါ ဆရာဝန်က ဘာရောဂါတွေခံစားခဲ့ရဖူးလဲဆိုတာကို စစ်ဆေးပါမယ်။ ဒီလိုစစ်ဆေးတာကနာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ CVIရောဂါလက္ခဏာတွေကို ခံစားနေခဲ့ရတဲ့ ကာလအတိုင်းအတာကို သိရှိနိုင်စေဖို့ဖြစ်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ကတော့ခြေထောက်ရောင်ရမ်းနေလား၊ အရေပြားအရောင်ပြောင်းနေလား၊သွေးကြောထဲမှာသွေးခဲတာမျိုးရှိလား ။ ခြေထောက်မှာ အနာတစ်ခုခုရှိလားဆိုတာတွေကို စစ်ဆေးပါလိမ့်မယ်။

Duplex ultrasound (အသံလှိုင်းသုံးရှာဖွေခြင်း)

သွေးပြန်ကြောတွင်းရှိသွေးများရဲ့ စီးဆင်းနှုန်း နဲ့ ဦးတည်ချက် ကို စမ်းသပ်ခြင်းဖြစ်ပါတယ်။သွေးတွေက ဘက်မှားစီးဆင်းနေလားဆိုတာကို ဆန်းစစ်နိုင်စေဖို့အတွက် ဒီနည်းကို အသုံးပြုတာပါ။ ဒီစစ်ဆေးမှုက အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆုတ်ထဲမှာသွေးခဲနေတာလိုမျိုးပြင်းထန်တဲ့ရောဂါအခြေအနေတွေကို စမ်းသပ်ဖော်ထုတ်ရာမှာ အသုံးပြုနိုင်ပါတယ်။

စစ်ဆေးမှုပြုလုပ်စဉ်အတွင်းမှာ ကျွမ်းကျင်ပညာရှင်က သင့်အရေပြား ပေါ်တွင် gel တစ်မျိုးသုတ်လိမ်းပါမယ်။ ပြီးရင်တော့သေးငယ်သော ကိရိယာလေးကို အရေပြားပေါ်ထောက်ပြီး စစ်ဆေးမှာဖြစ်ပါတယ်။ ဒီကိရိယာက အသံလှိုင်းတွေကိုအသုံးပြုပြီး သွေးစီးဆင်းမှု ပုံရိပ်တွေကို ကွန်ပျူတာပေါ်မှာ မြင်တွေ့စေမှာဖြစ်ပါတယ်။ စစ်ဆေးမှုလုပ်ဖို့ မိနစ် ၃၀ ကနေ တစ်နာရီလောက်အထိကြာမြင့်နိုင်ပါတယ်။ပြီးရင်တော့ ပုံမှန်အတိုင်းလှုပ်ရှားမှုတွေလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
အခြားစစ်ဆေးသိရှိနိုင်တဲ့နည်းလမ်းများ

  • Magnetic Resonance Venogram (ရေဒီယိုအသံလှိုင်းသုံး ပုံရိပ်ဖော်စစ်ဆေးခြင်း)
  • CT Venogram (X-rays နဲ့ ကွန်ပျူတာဆော့ဝဲလ်ကိုအသုံးပြုပြီး ပုံရိပ်ဖော်စစ်ဆေးခြင်း)
  • Venogram (X-rays နဲ့ ပုံရိပ်ဖော်ဆေးရည်သုံး စစ်ဆေးခြင်း)

ဘယ်လိုသက်သာအောင်လုပ်မလဲ

CVI ကိုကုသရာမှာ လူနာတစ်ယောက်နဲ့တစ်ယောက် ကုသမှုပုံစံချင်းကွဲပြားနိုင်ပါတယ်။ ကုထုံးတော်တော်များများကတော့ရောင်ရမ်းမှုကိုလျော့သွားစေဖို့နဲ့သွေးစီးဆင်းမှုပုံမှန်ဖြစ်လာစေဖို့ ရည်ရွယ်တာပါ။

နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ခံစားနေရသူတွေအနေနဲ့နေ့စဉ်ဘဝနေထိုင်မှုပုံစံကို အနည်းငယ်ပြောင်းလဲပေးဖို့လိုပါမယ်။ခြေထောက်ကို ခပ်မြင့်မြင့်လေးထားပေးတာကဝေဒနာခံစားရသူတော်တော်များများမှာရောင်ရမ်းမှုကိုလျော့ပါးသက်သာစေပြီးခြေထောက်ရဲ့သွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်ပါတယ်။ မကြာခဏဆိုသလို ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ပေးတာကလည်းသွေးလည်ပတ်မှုကောင်းစေဖို့ အထောက်အကူဖြစ်ပါတယ်။

ဒီဝေဒနာကမြန်မြန်ကုသနိုင်လေလေ ထိခိုက်မှုနည်းပြီး ထိရောက်မှုရှိလေလေပါ။ ဒါကြောင့်မြင်သာတဲ့လက္ခဏာတွေတွေ့မြင်ရပြီဆိုတာနဲ့ တတ်သိနားလည်တဲ့သူတွေနဲ့ပြသပြီး ထိရောက်တဲ့ ကုသမှုခံယူဖို့ပြောပါရစေ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly