ဆီးရီးယားသို့ စစ်ရေးအကြံပေးများ အီရန် တိုးမြင့်စေလွှတ်

ဆီးရီးယားသို့ စစ်ရေးအကြံပေးများ အီရန် တိုးမြင့်စေလွှတ်

ဆီးရီးယားရှိ အစွန်းရောက်တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရေးအတွက် အီရန်က စစ်ရေးအကြံပေးများ တိုးမြင့်စေလွှတ်ပေးမည်ဖြစ်ကြောင်း အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောပြီး သမ္မတအာဆတ်၏ အနာဂတ်ကိုလည်း ဆီးရီးယားပြည်သူများကပဲ ဆုံးဖြတ်ပေးနိုင်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဆီးရီးယားမြေပြင်စစ်ပွဲများတွင် အီရန်တပ်ဖွဲ့ဝင်များ ပါဝင်တိုက်ခိုက်ခြင်းမရှိကြောင်း၊ သို့သော် ဆီးရီးယားစစ်တပ်ကို အီရန်စစ်ရေးအကြံပေးများက ကူညီလျက်ရှိကြောင်း လန်ဒန်သို့ရောက်ရှိစဉ် ဂါးဒီးယန်သတင်းနှင့် အင်တာဗျူးရာတွင် အီရန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဟူစိန်အမ်မီက ပြောခဲ့သည်။ ယခင်သတင်းများတွင်မူ အီရန်က တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို စေလွှတ် ထားကြောင်း ဖော်ပြသည်။

ထိုပြင် အီရန်နှင့် ဒေသတွင်း ကာလရှည် ယှဉ်ပြိုင်ဖက်ဖြစ်ခဲ့သည့် ဆော်ဒီအာရေဗျက ဆီးရီးယားသမ္မတအာဆတ်အား ဆန့်ကျင်သည့် သူပုန်အဖွဲ့များကို ဦးဆောင်ထောက်ကူပြုနေခြင်းက အယ်လ်ခိုင်ဒါနှင့် အိုင်အက်စ်တို့ကဲ့သို့ အဖွဲ့များ ကြီးထွားလာအောင် အားပေးနေခြင်းမျိုးပင်ဖြစ်ကြောင်း ပြစ်တင်ပြောကြားသည်။

"ဆီးရီးယားမှာ အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲတွေက မြင့်တက်လာပါတယ်။ ရုရှလည်း အိုင်အက်စ်တို့ကို ထိထိရောက်ရောက် တိုက်ခိုက်နေပါပြီ။ အစွန်းရောက်အကြမ်းဖက်မှုများ ချေမှုန်းရေးတိုက်ပွဲမှာ ကူညီပေးဖို့ ကျွန်တော်တို့က စစ်ရေးအကြံပေးတွေကို ပိုမိုစေလွှတ်ဖို့ ဆုံးဖြတ်တာပါ။"ဟု ဟူစိန်အမ်မီက ပြောကြားခဲ့သည်။

Ref: The Guardian

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly