ပြည်သူ့ထံမှ အလှူခံသွားမည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ တည်ထောင်သူ ပြောကြား

ပြည်သူ့ထံမှ အလှူခံသွားမည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ တည်ထောင်သူ ပြောကြား

နိုဝင်ဘာ ၃၀၊ ရန်ကုန် ။           ။ ပြည်သူ့ရှေ့ဆောင်ပါတီ( PPP )သည်  နိုင်ငံအကျိုးကို ဆောင်ကြည်းမည့် ပါတီဖြစ်သောကြောင့်  ပြည်သူ့ လူထု၏ ထောက်ခံမှုနှင့် အတူ  ပြည်သူ့ထံမှ  အလှူခံသွားမည် ဖြစ်ကြောင်း  ပါတီ တည်ထောင် သူ  ဒေါက်တာ သက်သက်ခိုင်က ပြောသည်။

 “  ပြည်သူ့အကျိုးအတွက် လုပ်တဲ့အတွက်ကြောင့် ပြည်သူ့တွေရဲ့ ထောက်ခံမှုကို ရမှ ကျွန်မတို့က ရမှာလေ။ ပါတီရေရှည် ရှင်သန်စေဖို့ ကုန်ကျစရိတ်တွေအများကြီး ရှိဦးမယ်။ ပြည်သူ့လူထုကို ဖိတ်ခေါ်ပြီး ပြည်သူ့လူထုက ကျွန်မတို့ကို ယုံကြည်ခြင်းဖြင့် ၊ ကျွန်မတို့ကို ထောက်ခံခြင်းဖြင့်  ပြည်သူ့လူထု  ပါဝင်ပြီး  လှူဒါန်းတဲ့ ရန်ပုံငွေတွေကိုလည်း   စနစ်တကျ သုံးစွဲခြင်းအားဖြင့် ၊တစ်နှစ်တစ်ခါ ဘဏ္ဍာရေး အစီရင်ခံစာ ထွက်မှာ ။ ကျွန်မတို့ ဥပဒေနဲ့ အညီဆောင်ရွက်သွားမှာဖြစ်ပါတယ် “ ဟု   ဒေါက်တာ သက်သက်ခိုင်  က ပြောသည်။

 နိုဝင်ဘာ ၃၀ ရက်နေ့က ရန်ကုန်မြို့   Melia Hotel တွင်  ကျင်းပပြုလုပ်သည့်  ပြည်သူ့ရှေ့ဆောင် ပါတီ၏  ပါတီမိတ်ဆက်ခြင်း အခမ်းအနားတွင် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ပြည်သူ့ရှေ့ဆောင်ပါတီသည်  ၂၀၁၉ ခုနှစ်  သြဂုတ်လ ၈ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် လျှောက်ထားခဲ့ပြီးနောက် အောက်တိုဘာ ၂၃ ရက်နေ့တွင်  မှတ်ပုံတင်အမှတ် ( ၁၂၂ ) ဖြင့် တရားဝင် ခွင့်ပြုချက်ရရှိခဲ့သည်။ ပါတီဗဟိုညီလာခံအား  လာမည့်   ၂၀၂၀ မေလအတွင်  ကျင်းပသွားရန် စီစဉ်ထားပြီး အဆိုပါ ညီလာခံက   ပါတီ ဥက္ကဋ္ဌ ၊ ဒု ဥက္ကဌ နှင့်  အတွင်းရေးမှူးများကို  ရွေးချယ်သွားမည် ဖြစ်ကြောင်း   ဒေါ်သက်သက်ခိုင်က ပြောသည်။

ပါတီဝင်များအဖြစ် နိုင်ငံရေးနယ်ပယ်နှင့် တပ်မတော်ပိုင်းမှ အရာရှိဟောင်းများ အပြင်   စီးပွားရေး နယ်ပယ်တွင်းက တတ်သိပညာရှင် များ လုပ်ငန်းရှင်များ  နှင့် ခေတ်ပညာတတ် လူငယ်အများစု ပါဝင်နေသည်။  

“ ပါတီအပေါ် စိတ်ဝင်စားမှုအပေါ် မူတည်ပြီးတော့ နယ်မြေတွေ ရွေးချယ်သွားမှာဖြစ်တယ်။ မူလက ကျွန်တော်တို့ စဉ်းစားထားတာက  ပြည်နယ်တွေမှာ  ရှိနေတဲ့ တိုင်းရင်းသားတွေ အပေါ်မှာ သွားပြီး ယှဉ်ပြိုင်မယ်လို့ မလုပ်ဘူးလို့ အကြမ်းဖျဉ်းစဉ်းစားထားတာရှိတယ်။ သို့သော် အဲဒီပြည်နယ်မှာရှိနေတဲ့ ပြည်သူ့လူထုရဲ့ ဆန္ဒအရ ၊ လိုလားချက်အရ လိုအပ်ရင် ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားထားပါတယ်။ တစ်ပြည်လုံး အတိုင်းအတာနဲ့ ယှဉ်ပြိုင်ဖို့က ပြည်နယ်နဲ့ တိုင်း တစ်ဆယ့်လေးခုမှာ တိုင်း ခုနှစ်တိုင်းမှာ အများစု ဝင်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားထားပါတယ်  “ ဟု  ပါတီ‌ခေါင်းဆောင် တစ်ဦးြဖစ်သည့်  ဦးမြင့်မောင်ထွန်းက ပြောသည်။

လက်ရှိတွင် ပါတီတည်ထောင်ချိန်  လေးလ အတွင်း ပါတီဝင်အင်အား တစ်ထောင် ခန့် ရှိနေပြီးဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly