ICJ မှာ သွားရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်ကို “ဝ”တပ်ဖွဲ့ ထောက်ခံ

ICJ မှာ သွားရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်ကို “ဝ”တပ်ဖွဲ့ ထောက်ခံ
နိုင်ငံတော်အကြီးအကဲများ ICJ မှာ သွားရောက် တရားရင်ဆိုင်ရန်အတွက် တိုင်ပင် ဆွေးနွေးကြစဉ်။ ဓာတ်ပုံ - သမ္မတရုံး (fb)

ရန်ကုန်၊နိုဝင်ဘာ ၃၀ ။          ။ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ မြန်မာနိုင်ငံအား လူမျိုးတုန်းသတ်ဖြတ်သည်ဟု ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲ ပြစ်တင်ကာ တရားစွဲထားမှုအပေါ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွား ရောက် ရင်ဆိုင်မည်ကို ထောက်ခံကြောင်း “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဂမ်ဘီယာသမ္မတနိုင်ငံမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို အပြည်ပြည်ဆိုင် ရာတရားရုံးထံ တရားစွဲဆိုသည့် အမှုကိစ္စအပေါ် “ဝ”ပြည်နယ်အနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ၏ သဘောထား ရပ်တည်ချက်ကို ထောက်ခံပါကြောင်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး အနေဖြင့် ကိုယ်စားလှယ်အဖွဲ့ကို ကိုယ်တိုင် ဦးဆောင်ပြီး နယ်သာလန်နိုင်ငံ သဟိဂ်(The Hague)မြို့သို့ သွားရောက် ချေပပြောဆိုတုံ့ပြန်မှုဖြင့် ပြည်ထောင်စု၏ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ထိန်းမည့် လုပ်ဆောင် ချက်အား လေးစားစွာ ဂုဏ်ယူပါသည်ဟု UWSA က ကြေညာခဲ့သည်။

 

UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက “ ဘယ်လိုပဲ ဖြစ်ဖြစ် ဂျီနိုဆိုဒ်မြှောက်တယ် မမြှောက် တယ်ဆိုတာကတော့ တစ်ဏ္ဍပေါ့နော်၊ ဘယ်လိုပဲ ပြောပြော မျက်စိစုံမိတ်နေမယ့်အစား ဒီလိုမျိုးသွားပြီးမှ ဖြေ ရှင်းတယ်၊ ရင်ဆိုင်တယ်၊ တာဝန်ယူမှု တာဝန်ခံမှုတစ်ခု ရပ် တည်တယ်ဆိုတာကတော့ ဒါကို ကျွန်တော်တို့ က တော့ ဂုဏ်ယူပါတယ်နော်။ ဒါကတော့ ဗဟိုဌာနချုပ်ရဲ့ ဆုံးဖြတ်ချက်ပါ”ဟု ပြောသည်။

"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) တပ်ဖွဲ့ကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေကတော့ UWSA သည် အကောင်းမြင်ရှုထောင့် ဘက်ကနေ ချဉ်းကပ်သည်ဟု မြင်ကြောင်း ဆိုသည်။

“ သေချာတာကတော့ နိုင်ငံတကာမှာ စွပ်စွဲချက်ကို တိုက်ရိုက်တင်ထားတဲ့အဖွဲ့တွေကို ပြောရမှာကိုး။ အဲလို ဆိုတော့ ဒီထုတ်ပြန်ချက်က တိုက်ရိုက်အားဖြစ်စေတာတော့မဟုတ်ဘူး၊ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ Stakeholders တွေ စည်းစည်းလုံးလုံးရှိနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ တချို့ထုတ်ပြန်ချက်တွေကတော့ negativity ဖြစ်တာလည်းတွေ့ရတယ်၊ အဲဒါထက် positive ဖြစ်တာကို ကြိုဆိုရမှာပေါ့နော်”ဟု ၎င်းက ပြော သည်။

ဂမ်ဘီယာနိုင်ငံသည် ၂၀၁၆-၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အာဆာအကြမ်းဖက် တိုက်ခိုက်မှုကို ပြန်လည်၍ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့သည့် မြန်မာ့တပ်မတော်အား ဘင်္ဂါလီများကို နေရပ်အဓမ္မစွန့်ခွာ စေရန် လုပ်ဆောင်ခြင်း၊ လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ဆောင်ခြင်း စသည့် စွပ်စွဲချက်များဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)သို့ တရားစွဲဆို တိုင်ကြားခဲ့သည်။

ထိုအပေါ် မြန်မာနိုင်ငံ အစိုးရအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် ရင်ဆိုင်မည်ဟု နိုဝင်ဘာ ၂၀ ရက်က သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့သည်။

"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) တပ်ဖွဲ့ကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP

တရားရင်ဆိုင်မှုကို ဒီဇင်ဘာလထဲမှာ ဆောင်ရွက်ရမည်ဖြစ်ရာ မြန်မာနိုင်ငံတွင် အကြီးဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် “ဝ”တပ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၏ ရင်ဆိုင်ဖြေရှင်းမည့်အရေးကို ထောက်ခံကြောင်း နိုဝင်ဘာ ၂၇ ရက်က ကြေညာလာခဲ့ခြင်းသည်။

UWSA က “ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၏ အခြေအနေသည် ရှုပ်ထွေးပြီး သမိုင်းကြောင့် ချန်လှပ်ခဲ့သော ပြဿနာ နှစ်ပေါင်း ၂၀၀ နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ နယ်မြေရောယှက်ခြင်း၊ ဘာသာရေး၊ လူမျိုးရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စစ် ရေး၊ စီးပွားရေး စသည့် ရှုပ်ထွေးသော ပဋိပက္ခများကို မည်သည့် ဘက်လိုက်မှုမျိုး မဆို (သို့မဟုတ်)မသင့်လျော် သော နိုင်ငံတကာ စွက်ဖက်မှုသည် ရခိုင်ပြည်နယ်၏ အခြေအနေအား မတည် မငြိမ်ဖြစ်မှုနှင့် ရှုပ်ထွေးမှုများ ပိုမို ဖြစ်စေလာနိုင်ပါသည်”ဟု ဆိုထားသည်။

ထို့ပြင် ပြည်ထောင်စုနိုင်ငံအတွင်း သက်ဆိုင်သည် အဖွဲ့များအနေဖြင့်လည်း ဉာဏ်ရည်ထက်မြတ်စွာ စိတ် ရှည်သဘောထားကြီးသည့် နည်းလမ်းဖြင့် ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ များမှ ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုသည့် ဆန္ဒဖြင့် အတူတကွ ပူးပေါင်းကြိုးပမ်းသွားလျှင် လက်ရှိ ဖြစ် ပွားနေသော ပဋိပက္ခများကိုပြေလည်စွာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း “ဝ”ပြည်နယ်အနေဖြင့် ယုံကြည်ပါကြောင်း နိုဝင်ဘာ ၃၀ ရက်နေ့ ကြေညာချက်မှာ ပြောထားသည်။

UWSA သည် တပ်မတော်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်၊ဧပြီ ၁၇ ရက်က ငြိမ်းချမ်းရေး ရယူခဲ့ပြီး ၂၀၀၈ ဖွဲ့ စည်း ပုံ အခြေခံဥပဒေ ပုဒ်မ ၅၆(စ)တွင် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်း မြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်းခမ်း)မြို့နယ် ၆ မြို့နယ်တို့ကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး “ဝ”ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရတိုင်းအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားသည့် “ဝ” လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

လက်ရှိမှာတော့ UWSA သည် ပန်ဆန်း(ပန်းခမ်း)မြို့မှာ ဌာနချုပ်အဖြစ် ထားရှိပြီး အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို ကိုယ်ပိုင် တာဝန်ရှိ ဆောင်ရွက်လျက်ရှိသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly