ပါးနပ်တဲ့ ဘောကောက်လေးကို ဘုန်းမောက်နဲ့ပွဲစဉ်မတိုင်ခင် စပါးအသင်းနဲ့အတူ နေ့လည်စာ စားဖို့ ဖိတ်ခေါ်လိုက်တဲ့ မော်ရင်ဟို

ပါးနပ်တဲ့ ဘောကောက်လေးကို ဘုန်းမောက်နဲ့ပွဲစဉ်မတိုင်ခင် စပါးအသင်းနဲ့အတူ နေ့လည်စာ စားဖို့ ဖိတ်ခေါ်လိုက်တဲ့ မော်ရင်ဟို

ဟိုဆေးမော်ရင်ဟိုက ပြီးခဲ့တဲ့ အိုလံပီယာကော့စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စပါးအသင်းအတွက် အရေးပါတဲ့ ဂိုးဖြစ်လာအောင် အမြန်ဆုံးတုံ့ပြန်ပေးခဲ့တဲ့ ဘောကောက်ကောင်လေးအပေါ် ကျေးဇူးတင်တဲ့အနေနဲ့ ကစားသမားတွေနဲ့အတူတူ ပွဲကြိုနေ့လည်စာ စားဖို့ ဖိတ်ခေါ်လိမ့်မယ်လို့ သိရပါတယ်။

ကယ်လန်ဟိုင်းနက်စ်လို့ အမည်ရတဲ့ ဘောကောက်လေးဟာ အဆိုပါ ချန်ပီယံလိဂ်ပွဲစဉ်တုန်းက စပါးအသင်းရရှိတဲ့ ဘေးထွက်ဘောအတွက် ပါးနပ်စွာနဲ့ အသင့်ရှိနေတဲ့ ဘောလုံးကို ညာနောက်ခံလူ အော်ရီယာကို လျင်မြန်စွာ ပစ်ပေးခဲ့တာပါ။ ပစ်ပေးလိုက်တဲ့ဘောလုံးကို အော်ရီယာက မိုရာကို ချက်ချင်း လက်ပစ်ဘောပေးခဲ့ပြီး မိုရာမှတစ်ဆင့် ဟာရီကိန်းက ပိတ်သွင်းနိုင်တာကြောင့် စပါးတို့ (၂-၂)ဂိုးနဲ့ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲအပြီးမှာတော့ စပါးအသင်းဟာ အိုလံပီယာကော့စ်ကို (၄-၂)ဂိုးနိုင်ပြီး ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

မော်ရင်ဟိုက အသက် (၁၅)နှစ်အရွယ် ဘောကောက်လေးကို ပွဲအပြီးမှ ချီးကျူးခဲ့ပြီး စပါးအသင်း ပြန်လာနိုင်အောင် တစ်ထောင့်တစ်နေရာက ပါဝင်ကူညီပေးခဲ့တဲ့ ဘောကောက်သမားလေးအပေါ် ဂုဏ်ပြုတဲ့အနေနဲ့ နေ့လည်စာ စာဖို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။

ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် မော်ရင်ဟိုက အဆိုပါဘောကောက်လေးနဲ့ပတ်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

"ဘုန်းမောက်အသင်းနဲ့ ပွဲမတိုင်ခင် ကျနော့်ကောင်လေးတွေနဲ့အတူတူ နေ့လည်စာ စားဖို့အတွက် သူ လာပါမယ်။"လို့ စပါးနည်းပြက သောကြာနေ့က ပြောပါတယ်။

"ဒီကောင်လေးအတွက် ပျော်ရွှင်စရာနေ့ဖြစ်ဖို့နဲ့ သူ့ဘဝရဲ့ မေ့မရနိုင်တဲ့ ထူးခြားတဲ့ အမှတ်တရတွေကို သူ့ကို ပေးနိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။"

မော်ရင်ဟိုဟာ စပါးအသင်းနည်းပြဘဝ (၂)ပွဲကိုင်တွယ်ထားရာမှာ (၂)ပွဲစလုံး အနိုင်ရထားပြီး ရာနှုန်းပြည့်အောင်ပွဲကို ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

စပါးအသင်းဟာ တော့တင်ဟမ်ဟော့စပါးကွင်းမှာ မော်ရင်ဟိုရဲ့ ပရီးမီးယားလိဂ်ပထမဆုံးပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းကို စနေနေ့မှာ လက်ခံယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly