YUPT ကုမ္ပဏီ၏ ဒါရိုက်တာ အဖွဲ့ဝင်အသစ်များကို ပြန်လည်ရွေးချယ်

YUPT ကုမ္ပဏီ၏ ဒါရိုက်တာ အဖွဲ့ဝင်အသစ်များကို ပြန်လည်ရွေးချယ်

ရန်ကုန်၊ နိုဝင်ဘာ ၂၉။             ။ YUPT ကုမ္ပဏီလီမီတက်၏ ဒါရိုက်တာအဖွဲ့ဝင်သစ်များကို နိုဝင်ဘာလ (၂၉)ရက်နေ့က ရှယ်ယာရှင်များ၏ သဘောဆန္ဒအတိုင်း မဲစနစ်ဖြင့် ဒုတိယအကြိမ် ပြန်လည် ရွေးချယ်ခဲ့သည်။

ဒါရိုက်တာ အဖွဲ့ဝင်သစ်များကို ရွေးချယ်ရာတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလောင်း (၇)ဦးမှ ဒါရိုက်တာ အဖွဲ့ဝင်သစ်(၅)ဦးကို ကုမ္ပဏီဘက်မှ အစုရှယ်ယာရှင်များက  ပြန်လည် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

YUPT ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမီတက် အနေ ဖြင့် ကုမ္မဏီဘက်မှ ရွေးချယ်ထားသော ဒါရိုက်တာအဖွဲ့ဝင် (၅)ဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ဒါရိုက်တာ(၄)ဦး စုစုပေါင်း (၉)ဦးဖြင့် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သိရသည်။

 

“တစ်ချိန်မှာ ဒီကုမ္မဏီက public နဲ့ သွားတဲ့အခါ လက်ရှိဝင်ငွေနဲ့ လက်ရှိလုပ်ကိုင်တဲ့အခါ ကာလတစ်ခုပြီး သွားရင် လုံးဝအကျိုးအမြတ်ထွက်မှာပါ”ဟု YUPT ကုမ္မဏီလီမီတက်၏ အထွေထွေမန်နေဂျာ ဦးမောင်မောင်လွင်က ဆိုသည်။

ဒါရိုက်တာအဖွဲ့ဝင်သစ်(၅)ဦးခန့်အပ်ပြီးပါက အစုရှယ်ယာများအား ပြန်လည်ရောင်းချခြင်း မရောင်းချခြင်း အတွက် ရှယ်ယာရှင်(၂၈၉)ဦး၏ သဘောတူညီချက်ကို အောက်တိုဘာလ (၂၉)ရက်နေ့မှ ဒီဇင်ဘာလ(၁) ရက်နေ့အထိ YUPT ရုံးတွင် ကောက်ခံကာ တိုင်းဒေသကြီးအစိုးရနှင့် YRTA သို့ တင်ပြ၍ (၃)နှစ်တာ အမြတ်ငွေများကို ပြန်လည်ရရှိရန် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရသည်။

“ကားအကြောင်းတစ်လုံးမှ နားမလည်တဲ့သူကို ခိုင်းမိတဲ့အတွက်ကြောင့် အောက်တိုဘာလ (၃၀)ရက် နေ့ကဆိုရင် ကားအစီး (၁၈၀)ပျက်နေပါတယ်။ အခု(၂၀၀)ကျော်သွားပါပြီ။ အဲ့တော့ သုံးကျပ်တွက်နည်းနဲ့ တွက်ပါ။ အခု ဒီလောက်ရှုံးနေရင် နောက်ဘယ်လောက်ရှုံးမလဲမသိနိုင်ဘူး။ ဒါကြောင့် ယုံကြည်မှုမရှိတဲ့အတွက် ပြန်လည်ထုတ်ခြင်း ဖြစ်ပါတယ်” ဟု ရှယ်ယာရှင် ဦးထိန်ဝင်းကဆိုသည်။

YUPT ကုမ္ပဏီအနေဖြင့် လုပ်ငန်းစတင်ကာ သုံးနှစ်တာကာလအတွင်း အမြတ်ငွေမရသေးခြင်းနှင့် လုပ်ငန်း ကျွမ်းကျင်မှုမရှိသော ဒါရိုက်တာအဖွဲ့ဝင်များကို အစိုးရက တိုက်ရိုက်ခန့်အပ်ထားသောကြောင့် ရှယ်ယာရှင် များက မကျေနပ်သဖြင့် ဒါရိုက်တာသုံးဦးအား နှုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

အဆိုပါကုမ္ပဏီသည် (၂၀၁၇ -၂၀၁၈) ဘဏ္ဍာနှစ်တွင် ငွေကျပ် ၆၀၃.၀၇၉သန်း အရှုံးပေါ်ခဲ့ကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly