နမ္မတူမြို့နယ်ထဲမှာ တပ်မတော်နှင့် RCSS တိုက်ပွဲဖြစ်

နမ္မတူမြို့နယ်ထဲမှာ တပ်မတော်နှင့် RCSS တိုက်ပွဲဖြစ်
   ပုံ -  Taifreedomသျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

ရန်ကုန်၊နိုဝင်ဘာ ၂၉။   ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်ဝါကျေးရွာအနီးမှာ တပ်မတော်နှင့် သျှမ်းပြည် ပြန်လည် ထူထောင် ရေးကောင်စီ(RCSS/SSA)တို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်က မနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်း ရသည်။

အဆိုပါ တိုက်ပွဲသည် နှစ်ဖက် အကြောင်းမကြားဘဲ စစ်ကြောင်းလှုပ်ရှားမှုများ ရှိခဲ့ရာမှ နှစ်ဖက် ထိပ်တိုက် တွေ့ဆုံကာ နာရီဝက်ဝန်းကျင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု RCSS/SSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းဦးက မဇ္ဈိမသို့ ပြောသည်။

“မနေ့က တိုက်ပွဲဖြစ်တာ ဟုတ်တယ်၊ တပ်မတော်နဲ့ ဖြစ်တာပါ။ ၂၅ မိနစ်လောက် ကြာတယ်၊ မန်ဝါကျေးရွာ ဘက်မှာ ဖြစ်တာ။ အဓိက တစ်ဖက်နဲ့တစ်ဖက် သတင်းမပို့ဘဲ သွားကြတော့ ထိတွေ့ပြီး ဖြစ်ကြတာ၊ နားလည်မှု လွဲသွားကြတာ”ဟု ၎င်းက ပြောသည်။

 

တပ်မတော်နှင့် RCSS ကြား ယနေ့မှာတော့ တိုက်ပွဲဖြစ်ပွားမှု မရှိတော့ဘဲ ပြန်လည် ငြိမ်သက်သွားပြီးဖြစ် ကြောင်း နမ္မတူမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နန်းခမ်းအေးက မဇ္ဈိမသို့ ပြောသည်။

“မနေ့က တိုက်တယ်လေ၊ တပ်မတော်နဲ့ RCSS ဖြစ်တာ။ ဒီနေ့တော့ မဖြစ်တော့ဘူး ငြိမ်သွားပြီး တိုက်ပွဲ ရှောင် တွေ ရှိလာ မရှိလားတော့ မသိသေးဘူး၊ ကျွန်မက နေပြည်တော်ရောက်နေလို့ တိုက်ပွဲဖြစ်တဲ့ သတင်းကိုတော့ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်  ၈ နာရီ ၄၅ မိနစ်လောက်က ရတယ်”ဟု ၎င်းက ပြောသည်။

နမ္မတူမြို့နယ်မှ တိုက်ပွဲရှောင်များကူညီရေး ကော်မတီတာဝန်ခံ စိုင်းဘဉာဏ်ကတော့ ယနေ့ (နိုဝင်ဘာ ၂၉ ရက်)နှင့် မနေ့(နိုဝင်ဘာ ၂၈ ရက်)က ၂ ရက်ဆက်တိုက် တပ်မတော်နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/ TNLA)တို့ နမ္မတူမြို့နယ်၊ မန်ဝါကျေးရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရွာထဲက မောက်စွယ်တို့ ခြံ အတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု တစ်ခုလည်း ဖြစ်ပွားခဲ့သေးသလို ဒဏ်ရာရှိသူနှင့် သေဆုံးသူ တို့ ရှိခဲ့ကြောင်း မဇ္ဈိမသို့ ပြောသည်။

“ ဒီနေ့နဲ့ မနေ့က ၂ ရက်ဆက်တိုက် တပ်မတော်နဲ့ TNLA တိုက်ပွဲဖြစ်တယ်၊ RCSS နဲ့ လို့မကြားဘူး TNLA နဲ့ လို့ ကြားတယ်၊ အဲမှာတော့ RCSS ရော၊ TNLA ရော လှုပ်ရှားတာတော့ ရှိတယ်။ ဒါပေမယ့် ကျွန်တော်သိတာ TNLA နဲ့ တပ်မတော်ဖြစ်တာပဲ သိတယ်၊ အခု မန်ဝါရွာက မောက်စွယ်တို့ ခြံထဲ လက်နက်ကြီးကျလို့ မောက်စွယ် သေ သွားတယ်၊ ဆိုင်းခမ်းနဲ့ အိုဟိန်းက ဒဏ်ရာရသွားကြတယ်”ဟု ၎င်းက ပြောသည်။

မန်ဝါကျေးရွာထဲသို့ ကျရောက်လာသော လက်နက်ကြီး ကျည်ဆံကြောင့် အသက် ၃၄ နှစ်အရွယ် အမျိုးသမီး ဖြစ်သူ မောက်စွယ် သေဆုံးခဲ့ပြီး ညီမဖြစ်သူ အသက် ၂၀ အရွယ် ဆိုင်းခမ်းမှာ မျက်နှာရှပ်ထိ ဒဏ်ရာရရှိခဲ့သလို အိမ်သို့အလည်ရောက်နေသော အသက် ၂၀ အရွယ် အမျိုးသမီးငယ် အိုဟိန်းမှာလည်း ခြေထောက်မှာ ဒဏ်ရာ ရရှိသွားခဲ့ပြီး လားရှိုးဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ မန်ဝါရွာမှ ဒေသခံ ၆၀ ဦးလည်း နမ္မတူမြို့နယ်ထဲမှ ပုပ္ပါရုံ ဘုန်းကြီးကျောင်းသို့ တိုက်ပွဲရှောင်လာကြကြောင်း နမ္မတူမြို့နယ် တိုက်ပွဲရှောင်များ ကူညီရေးကော်မတီမှ တာဝန်ခံ စိုင်းဘဉာဏ်က ပြောသည်။

“ ကျွန်တော်တို့ ဒဏ်ရာ ရတဲ့ လူ ၂ ယောက်ကို လားရှိုးဆေးရုံပို့လိုက်ပြီး သူတို့ကို ပို့ပြီးတော့ မန်ဝါရွာက တိုက်ပွဲရှောင် ၆၀ ကို ကျွန်တော် ဒီမနက်က သွားကြိုလာပြီးတော့ ပုပ္ပါရုံမှာ ထားထားတယ်။ စားဝတ်နေရေးကို အခု လောလောဆယ် ကျွန်တော်တို့ မြို့နယ်ကော်မတီက ဆောင်ရွက်ပေးထားတယ်”ဟု ၎င်းက ပြောသည်။

ပုံ - နမ္မတူ-ဗုဒ္ဓ-ဓမ္မ ပရဟတိ (fb) နမ္မတူမြို့အဝင်ကို တွေ့ရစဉ်။

မန်ဝါကျေးရွာတွင် တပ်မတော်နှင့် TNLA ကြား တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံများ၏ ပြောချက်အရ TNLA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို မဇ္ဈိမက ဆက်သွယ် မေးမြန်းရာမှာတော့ နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တွင် မန်ဝါကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း ဆိုသည်။

“ ကျွန်တော်တို့နဲ့ တပ်မတော် မန်ဝါကျေးရွာဘက်မှာ ဒီနေ့ရော ၊ မနေ့ကရော တိုက်ပွဲဖြစ်ပွားမှု မရှိဘူးဗျ။ RCSS နဲ့ တိုက်ပွဲဖြစ်ပွားမှု ရှိမရှိကိုလည်း ကျွန်တော်တို့ မကြားဘူးဗျ။ အခုချိန်ထိတော့ ကျွန်တော့်ဆီ ကျွန်တော်တို့ အဖွဲ့နဲ့ တပ်မတော် တိုက်ပွဲဖြစ်တယ်ဆိုတာ မတက်လာသေးဘူး”ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက် သတင်းရယူနေသည့် သတင်းသမား တချို့နှင့် ဒေသခံ တချို့က တော့ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက တပ်မတော်နှင့် RCSS တို့ မန်ဝါကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြ ကြောင်း ဆိုနေကြသည်။ထို့အပေါ် RCSS မှ ဒုဗိုလ်မှူးကြီး စိုင်းဦးက တိုက်ပွဲ မရှိကြောင်း ဆိုသည်။

“ ဒီနေ့ တိုက်ပွဲမရှိဘူး၊ မနေ့ကတော့ ဟုတ်တယ် တပ်မတော်နဲ့ ကျွန်တော်တို့ တိုက်ပွဲဖြစ်တယ်၊ ဒီနေ့ ကျွန်တော် တို့ တပ်ဖွဲ့တွေ မန်ဝါဘက်မှာ လှုပ်ရှားတာမရှိဘူး။ လက်နက်ကြီး ကျတဲ့ကိစ္စကလည်း ကျွန်တော်ဘာမှ မကြားရ သေးဘူး၊ အဲဘက်မှာ တခြားအဖွဲ့တွေလည်း လှုပ်ရှားနေတာရှိတယ်”ဟု မဇ္ဈိမသို့ ၎င်းက ပြောသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများကို မဇ္ဈိမက ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေခြင်း မရှိသည့်အတွက် တစ်စုံတစ်ရာ မသိရသေးပေ။
နမ္မတူမြို့နယ်အတွင်းမှာ RCSS ၊ TNLA အပါအဝင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) နှင့် တပ်မတော် စစ်ကြောင်းများ လှုပ်ရှားလျက်ရှိသည်။

ထိုအထဲမှ TNLA နှင့် SSPP သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များဖြစ်ပြီး RCSS နှင့် တပ်မတော်ကမူ NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က ရေးထိုးထားကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required