မန်ချက်စတာစီးတီးဘောလုံးအင်ပါယာထဲ အိန္ဒိယကလပ် မွမ်ဘိုင်းစီးတီးအသင်းကို ထည့်သွင်းခဲ့တဲ့ City Football Group

မန်ချက်စတာစီးတီးဘောလုံးအင်ပါယာထဲ အိန္ဒိယကလပ် မွမ်ဘိုင်းစီးတီးအသင်းကို ထည့်သွင်းခဲ့တဲ့ City Football Group
Photos: AFP

အင်္ဂလိပ်ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးရဲ့ အသင်းပိုင်ရှင်တွေဟာ အိန္ဒိယကလပ် မွမ်ဘိုင်းစီးတီးအသင်းကို (၈)သင်းမြောက်အဖြစ်  သူတို့ရဲ့ ကမ္ဘာ့ဘောလုံးအင်ပါယာထဲ ကြာသပတေးနေ့က ထည့်သွင်းလိုက်ပါတယ်။

အဘူဒါဘီစီးပွားရေးအင်အားစုက ထိန်းချုပ်ထားတဲ့ City Football Group ဟာ သူတို့ရဲ့ ရှယ်ယာ (၁၀%)ကို အမေရိကန်ကုမ္ပဏီတစ်ခုဆီ ဒေါ်လာသန်း (၅၀၀)နဲ့ ရောင်းချခဲ့ပြီး အသင်းရဲ့ တန်ဖိုးကလည်း ဒေါ်လာ (၄.၈)ဘီလီယံထိ ရောက်ရှိသွားတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ မွမ်ဘိုင်းစီးတီးအသင်းကို ဝယ်ယူခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

City Football Group ဟာ မန်စီးတီးအသင်းပါအဝင် အမေရိကန်မှာ နယူးယောက်စီးတီး၊ သြစတြေးလျမှာ မဲလ်ဘုန်းစီးတီး၊ ဂျပန်မှာ ယိုကိုဟားမားမာရီနို့စ်၊ တရုတ်မှာ စီချွမ်အသင်း၊ စပိန်မှာ ဂျီရိုနာနဲ့ ဥရုဂွေးမှာ အက်သလက်တီကိုတော်ကေးစတဲ့ အသင်း (၇)သင်းကို ပိုင်ဆိုင်ထားခဲ့ပြီးဖြစ်လို့ မွမ်ဘိုင်းစီးတီးအသင်းက (၈)သင်းမြောက် ပိုင်ဆိုင်မှုလည်းဖြစ်လာပါတယ်။

လေ့လာသုံးသပ်သူများက CFG ဟာ ကမ္ဘာ့အနှံ့ဘောလုံးအားကစားဖျော်ဖြေရေးလုပ်ငန်းစုကြီး တည်ဆောက်လိုတာဖြစ်ပြီး မွမ်ဘိုင်းစီးတီးအသင်းရဲ့ ရှယ်ယာ (၆၅%)ကို ဝယ်ခဲ့တာဟာ သက်သေသစ်တစ်ခု ဆိုက်ထူလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

မွမ်ဘိုင်းစီးတီးရဲ့ ယခင်ပိုင်ရှင်တွေဖြစ်တဲ့ ဘောလီးဝုဒ်သရုပ်ဆောင် ရန်ဘီးကပူးလ်နဲ့ ရုပ်ရှင်ထုတ်လုပ်သူ ဘိုင်းမူ ပါရက်ခ်တို့ဟာ"ရှယ်ယာ (၃၅%)ကို ဆက်လက်ပိုင်ဆိုင်သွားမှာဖြစ်တယ်။"လို့ CFG က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

"ဒီရင်းနှီးမြှုပ်နှံမှုက မွမ်ဘိုင်းစီးတီး၊ City Football Group နဲ့ အိန္ဒိယဘောလုံးလောကအတွက် အကျိုးကျေးဇူးတွေ ရရှိစေမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။"လို့ CFG ရဲ့ ဥက္ကဋ္ဌ အယ်လ်မူဘာရက်က ပြောပါတယ်။

အိန္ဒိယစူပါလိဂ်ကို ၂၀၁၄ ခုနှစ်က စတင်တည်ထောက်ခဲ့ချိန်က ကပူးလ်နဲ့ ပါရက်ခ်တို့ဟာ မွမ်ဘိုင်းစီးတီးအသင်းကို တည်ထောက်ခဲ့တာဖြစ်ပါတယ်။ စတင်ချိန်က သူတို့ဟာ အနယ်လ်ကာ၊ ယွန်းဘတ်၊ ဒီယာဂို ဖော်လန်နဲ့ နည်းပြ ပီတာရိတ်တို့အပါအဝင် နိုင်ငံခြားသားကြယ်ပွင့်တွေကို ငှားရမ်းခဲ့ပေမယ့်လည်း အောင်မြင်မှုကိုတော့ မဝယ်နိုင်ခဲ့ပါဘူး။

မွမ်ဘိုင်းစီးတီးဟာ အိန္ဒိယစူပါလိဂ် ရာသီကုန် ပလေးအော့ဖ် (playoffs)ကို နှစ်ကြိမ်ရောက်ရှိခဲ့ပေမယ့် အမှတ်ပေးဖလားကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိသေးပါဘူး။

အခုချိန်မှာ မွမ်ဘိုင်းစီးတီးကို စပို့တင်းလစ္စဘွန်းအသင်းခေါင်းဆောင်ဟောင်း ဂျော့ချ်ကော့စတာက နည်းပြအဖြစ် ကိုင်တွယ်နေပါတယ်။

အိန္ဒိယစူပါလိဂ်ရဲ့ အကြီးအကဲ နီတာ အမ်ဘာနီနဲ့ အိန္ဒိယရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် မူကတ်ချ် အမ်ဘာနီတို့က အခုလိုဝယ်ယူမှုဟာ "အိန္ဒိယဘောလုံးလောကအတွက် ခေတ်သစ်တစ်ခုဖြစ်တယ်"လို့ ပြောဆိုသွားပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly