ဘင်္ဂါလီဒုက္ခသည်များ ကျွန်းပေါ်ပြောင်းရွေ့နေထိုင်ရေး ကုလမှ နည်းပညာအကူအညီပေး

ဘင်္ဂါလီဒုက္ခသည်များ ကျွန်းပေါ်ပြောင်းရွေ့နေထိုင်ရေး ကုလမှ နည်းပညာအကူအညီပေး

ဒါကာ၊ နိုဝင်ဘာ ၂၉ ။          ။ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွါထွက်ပြေးသွားကြသည့် ဘင်္ဂါလီမွတ်စလင် (မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) တစ်သိန်းခန့်ကို ကျွန်းပေါ်ပြောင်းရွေ့နေရာချထားရေးအတွက် လိုအပ်သည့် အစီအစဉ်များကို အကဲဖြတ်ရန် နည်းပညာကျွမ်းကျင် သူများကို ဘင်္ဂလားဒေ့ရှ်သို့ စေလွှတ်ကူညီသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး ဒုဥက္ကဋ္ဌ Kelly Clements က နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဒါကာတွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များကိုနေရာပြန်လည်ချထားပေးရာတွင် ကုလသမဂ္ဂမှ ကူညီပေးချင်ခဲ့ကြောင်း၊ ပိုမိုကောင်းမွန်သည့်အစီအစဉ်များဆောင်ရွက်ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း ကမ်းလှမ်းပြောဆို ပြီးပြီဖြစ်ကြောင်း၊ စီစဉ်လုပ်ဆောင်ပုံများကို လာရောက် အကဲဖြတ်လေ့လာရန် နည်းပညာကျွမ်းကျင်သူများကို လည်း ကမ်းလှမ်းထားပြီးပြီဖြစ်ကြောင်း Kelly Clements က သတင်းထောက်များကို ပြောသည်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှ နေရပ်စွန့်ခွါထွက်ပြေးသွားသည့် ဘင်္ဂါလီမွတ်စလင် ၇၄၀,၀၀၀ အပါအဝင် လူဦးရေ တစ်သန်းခန့်သည့် ယခုအခါ ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ဘက် ကော့ခ်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသည်။   

လူပြည့်ကျပ်နေသည့်ထိုဒုက္ခသည်စခန်းမှ ဘင်္ဂါလီအယောက် တစ်သိန်းခန့်ကို နေရာချထားပေးရန် ဆိုင်ကလုန်းဒဏ်ခံရလေ့ရှိသည့် ဘာရှန်ချာကျွန်းပေါ်တွင် အဆောက်အအုံများတည်ဆောက်ပြီးသွားပြီဖြစ်၍ ပြောင်းရွေ့ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သို့သော်လည်း လူ့အခွင့်အရေးအဖွဲ့များနှင့် ကူညီထောက်ပံ့ရေး အေဂျင်စီများသည် အဆိုပါအစီအစဉ်ကို ကန့်ကွက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ကော့ခ်ဘဇားဒုက္ခသည်စခန်းကို သံဆူးကြိုးစည်းရိုးများ ကာထားခဲ့မှုအပေါ် လုံခြုံရေးအရ အကောင်းဆုံးဖြေရှင်းချက် မဟုတ်အကြောင်း၊ ဒုက္ခသည်များရော လက်ခံသည့်နိုင်ငံပါ မထိခိုက်စေသည့် နည်းလမ်းကို အကောင်အထည်ဖော်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့အား နေရပ်ပြန်ပို့မည့် အချိန်ကို သတ်မှတ်ရန် အင်မတန်ခက်ခဲမည်ဖြစ်ကြောင်း Kelly Clements က ဆိုသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly