ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေး ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော်

ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေး ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော်
ဓာတ်ပုံ - ဆုမြတ်မေဇော်

နိုဝင်ဘာ၂၈၊ ရန်ကုန်။           ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီး တည်ဆောက်ထားသော ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ ဖျက်သိမ်းပေးရေးနှင့် ဖမ်းဆီးခံ အောင်သပြေရွာ သားများ ပြန်လည်လွတ်မြောက်ရေးအတွက် နိုင်ငံရေးအင်အားစုများအပါအဝင် အင်အား(၁၀၀)ခန့်က နိုဝင်ဘာလ(၂၈)ရက်နေ့က မနက်ပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စီမံကိန်းဖျက်သိမ်းရေး ၊ ဖမ်းဆီးခံရသော အောင်သပြေကျေးရွာသားများ လွတ်မြောက်ရေး ၊ထောင်ထဲတွင် နှိပ်စက်ခံရပြီး သေဆုံးသွားသော ကိုထွန်းမြင့်ဝင်းအတွက် အမှု မှန်ပေါ်ပေါက်ရေး ၊  ၉ တန်းကျောင်းသား ကိုတူး ဝေယံအား ချက်ချင်းပြန်လွှတ်ပေးရေးတို့အတွက် ဗဟိုအစိုးရမှ တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုတာဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ ကိုကျော်မျိုးက ပြောသည်။

“ဒေသခံတွေကလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ကို သူတို့ရဲ့ နစ်နာမှုတွေကို တင်ပြထားတာ ရှိတယ်၊ ဒါပေမယ့် ဒေသခံတွေရဲ့ တင်ပြချက်ကို လျစ်လျူရှုပြီးတော့ ဆက်လုပ်တယ်၊ အခုဆို စက်ရုံက ပြီးစီးတဲ့ အခြေအနေဖြစ် နေပြီ”လို့ ကိုကျော်မျိုးက ဆိုသည်။

 

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ဒေသခံတွေက ကိုယ်တိုင်တက်ရောက် ဆန္ဒထုတ်ဖော်ချင်ပေမယ့် ရွာသားတွေဟာ အမှုဖွင့်ခံထားရတဲ့အပြင် ရွာအနီးအနားမှာ ရဲအင်အားအပြည့်နဲ့ စောင့်ဆိုင်းနေတာကြောင့် လာခွင့်မရဘူးလို့ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ခဲ့သူ ကိုနောင်ကဆိုသည်။

“မိဘတွေ ထွက်ပြေးသွားတော့ ရွာမှာ ကလေးတွေ ကျန်ခဲ့တယ်၊ အဲ့ကလေးတွေက ကျောင်းမတက်ရဘူး၊ ဒီကလေးတွေကို ဘယ်သူ ကြည့်မလဲ၊ အစိုးရကို တာဝန်ယူဖြေရှင်းပေးပါပြောတယ်၊ တိုင်းအစိုးရအနေနဲ့ သူတို့ လုပ် သင့် လုပ်ထိုက်တာကို လုပ်ပေးပါ သွားပြောလည်း သူတို့ဆီက ဘာအဖြေမှ ဒီနေ့ထိ မရဘူး” ဟု ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ခဲ့သူ ကိုနောင်က ပြောသည်။  

အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်းကို (၂၀၁၄)ခုနှစ်ကစတင်ခဲ့ပြီး စက်ရုံထွက် စွန့်ပစ်ပစ္စည်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ ရွာကို ထိခိုက်နိုင်သောကြောင့် ကန့်ကွက်ဆန္ဒပြရာမှ အရေးယူဖမ်းဆီးခြင်းများ ဖြစ်ခဲ့သည်။

ရန်ကုန်တွင် ယခုလို ဆန္ဒထုတ်ဖော်ခဲ့သည်မှာ (၂)ကြိမ်ရှိပြီဖြစ်ပြီး  လူအင်အား (၁၀၀)ခန့်သည် မတရား ဖမ်းဆီးခံ အောင်သပြေ ကျေးရွာသားများ ပြန်လွှတ်ပေးရေး တို့အရေး၊ ဖခင်ကိုမမိ၍ ဖမ်းဆီးခံထားရတဲ့ အထက် တန်း ကျောင်းသား ကိုတူးဝေယံကို ပြန်လွှတ်ပေးရေး တို့အရေး စသော ကြွေးကြော်သံများ ကြွေးကြော်ကာ ဗိုလ်အောင်ကျော်လမ်း၊ ဝန်ကြီးများရုံးရှေ့မှှ မြို့တော်ခန်းမရှေ့ကို လမ်းလျှောက်ချီတက်ခဲ့ကြသည်။

ယနေ့ ဆန္ဒထုတ်ဖော်မှုကိုမူ သက်ဆိုင်ရာကို ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ကြောင်း သိရသည်။

 
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required