NLD အစိုးရ ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုများစွာ လုပ်လာဟု အစီအရင်ခံစာတစ်ရပ်တွင် ဖော်ပြ

NLD အစိုးရ ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုများစွာ လုပ်လာဟု အစီအရင်ခံစာတစ်ရပ်တွင် ဖော်ပြ

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ။         ။ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုများစွာ လုပ်ဆောင်လာသည်ဟု The Asia Foundation မှ ထုတ်ပြန်သည့် အစီအရင်ခံစာတွင် ဖော်ပြထား သည်။

The Asia Foundation က “ အောက်ခြေမှ အထက်သို့ စီမံကိန်း ရေးဆွဲတင်ပြခြင်းနှင့် အထက်မှ အောက်ခြေ သို့ စီမံကိန်း ရေးဆွဲတင်ပြခြင်း တို့၏ ဆုံချက်”၊ “ဒေသန္တရဖွံ့ဖြိုးရေးအတွက်t ဘဏ္ဍာငွေလျာထားခြင်း”  အမည် ဖြစ် သုတေသန လုပ်ထားသည့် အစီအရင်ခံစာ တစ်စောင်ကို နိုဝင်ဘာ ၂၇ ရက်က မိတ်ဆက်ခဲ့ကာ အထက်ပါ အတိုင်း ပြောခဲ့ခြင်းဖြစ်သည်။

အစီအရင်ခံစာ ရေးသားသူဖြစ်သည့် The Asia Foundation ၏ အုပ်ချုပ်မှုနှင့် မူဝါဒဆိုင်ရာအကြံပေး Mr.Richard Batcheler က “ကျွန်တော်တို့ အခု အဓိကတွေ့ရတာက ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီး အစိုးရဘက်က ပြုပြင် ပြောင်းလဲမှုတွေ အများကြီး လုပ်လာတာ တွေ့ရတယ်”ဟု ပြောသည်။

စစ်အစိုးရလက်ထက် နှောင်းပိုင်း အာဏာရလာကြသည့် ပြည်ခိုင်ဖြိုးနှင့် NLD အစိုးရ နှစ်ရပ်လုံးသည် မြန်မာ နိုင်ငံ၌ စီမံကိန်းနှင့် ဘတ်ဂျက်ရေးဆွဲသည့် လုပ်ငန်းစဉ် ခိုင်မာအားကောင်းရေး ဆောင်ရွက်ရာတွင် လိုအပ် သည့်  “အောက်ခြေမှ အထက်သို့ စီမံကိန်း ရေးဆွဲမှုပုံစံ” ကူးပြောင်းရေးကို  ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Mr.Richard Batcheler က “ကျွန်တော်တို့ အရင်ကကျတော့ ဆုံးဖြတ်ချက်တွေ အကုန်လုံးကို ဗဟိုချုပ်ကိုင်ပြီး လုပ်ခဲ့တယ်။ ဒါပေမယ့် အခု အသွင် ကူးပြောင်းရေး ကာလမှာတွေ့ရတဲ့ အစိုးရနှစ်ရပ်ကျတော့ ဒီဒေသန္တရ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ လိုပါလားဆိုတဲ့ အချက်ကို ပိုပြီးတော့ နားလည်လာတယ်။ အဲအတွက် သက်ဆိုင်ရာ လျှောက် လွှာတွေ အကုန် လုံးကလည်း သက်ဆိုင်ရာ ဒေသတွေက၊ သက်ဆိုင်ရာ ဒေသန္တရ အဆင့်က လာတယ်။ အဲဒီ ဟာကိုမှ ပြန်ပြီး ဖြည့်ဆည်း ပေးတာဖြစ်တဲ့အတွက် ဒေသန္တရ လိုအပ်ချက်ကို ပိုပြီး ကိုက်ညီအောင် ဆောင်ရွက် ပေးနိုင်တယ်” ဟု ပြောသည်။

ဒေသန္တရ အစုအဖွဲ့များသည် ၎င်းတို့ ဒေသ၏ လိုအပ်ချက်များကို ကောင်းစွာသိရှိရန် လိုအပ်ပြီး အစိုးရ၏ ဘတ်ဂျက်များသည် ဒေသရှိ လိုအပ်ချက်အပေါ် တုံ့ပြန်ပေးရန် လိုအပ်ကြောင်း အစိုးရအနေဖြင့် နားလည် သဘောပေါက်လာပြီး ဖြစ်ကြောင်း “ အောက်ခြေမှ အထက်သို့ စီမံကိန်း ရေးဆွဲတင်ပြခြင်းနှင့် အထက်မှ အောက်ခြေသို့ စီမံကိန်း ရေးဆွဲတင်ပြခြင်း တို့၏ ဆုံချက်”၊ “ဒေသန္တရဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာငွေလျာ ထားခြင်း” အမည်ဖြင့် ထုတ်ဝေသည့် အစီအရင်ခံစာက ဆိုထားသည်။

အဆိုပါလုပ်ငန်းစဉ်များတွင် မြို့နယ်အတွင်းမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ မြင့်မားစေ ရေး၊  စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည် ဖော်ဆောင်ရေး ကော်မတီများ ပိုမို အားကောင်းလာစေရေး၊ မူဝါဒ အသစ်ချမှတ်မှုများ စသည့် ကိစ္စရပ်များကို အားပေးဆောင်ရွက်လာခဲ့သည်ဟု ၎င်းအစီအရင်ခံစာ တွင် ဖော်ပြထားသည်။

အစိုးရအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ အရေးကြီးသော အခန်းကဏ္ဍများဖြစ်သည့် ပညာရေး၊ လျှပ်စစ်၊ လမ်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍလေးခုတွင် ပထဝီဆိုင်ရာ အနေအထားအရ ဒေသန္တရ အသုံး စရိတ်ကို တန်းတူညီမျှစွာ သုံးစွဲနိုင်ရေး အကြံပြုထားကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင် ရှမ်းပြည် နယ်သည် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များ အခြေပြုရန်ပုံငွေ ခွဲဝေရာမှာ အများဆုံး လိုအပ်နေကြောင်း အစီအရင်ခံစာမှာ ဖော်ပြထားသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက “လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ရှမ်းပြည်နယ်အနေနဲ့ မြန်မာတစ်နိုင်ငံလုံးရဲ့ လေးပုံ တစ်ပုံရှိတယ်။ ဒါပေမယ့် အစိုးရက ခွဲဝေ ပေးမှုက လမ်းရဲ့ အကွာအဝေးအပေါ် မူတည်ပြီး ခွဲဝေတာ မဟုတ်တဲ့ အတွက် ကျွန်တော်တို့က ရတာနည်း တာပေါ့။ တခြားပြည်နယ်၊ တိုင်းတွေထက် သုံးစွဲရမှုနည်းပါတယ်။ ကယား ပြည်နယ်ဆိုရင် ကျွန်တော်တို့ ခရိုင်တစ်မြို့စာပဲရှိတယ်။ လမ်းရဲ့ ဧရိယာအရှည်ကို ကြည့်ပြီးပေးရင် ပိုကောင်း လာမှာပေါ့”ဟု ပြောသည်။

အစိုးရ၏ အောက်ခြေမှ အထက်သို့ စီမံကိန်း ရေးဆွဲတင်ပြခြင်းတွင် လွှတ်တော် အမတ်များကို ထောက်ပံ့ ကူညီမှုများ ပိုမို လုပ်ဆောင်ရန် အကြံပြုထားပြီး အကျင့်ပျက် ခြစားမှုများ မဖြစ်ပေါ်စေရေးကိုလည်း သတိပြု ရမည်ဟု အစီရင်ခံစာက အကြံပြုထားသည်။

Mr.Richard Batcheler က “ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် လူတစ်ယောက်ကို အာဏာအများကြီး ပေးလိုက်ရင် ပြဿနာ ရှိတယ်။ မြန်မာနိုင်ငံမှာ အခု ပုံစံအရ ဒီလွှတ်တော်အမတ်တွေက အကျင့်ပျက်ခြစားနေတယ်လို့ ပြောတာ မဟုတ်ဘူး။ ဒါပေမယ့် တခြား နိုင်ငံတွေမှာဆိုရင်တော့ လွှတ်တော်အမတ်တွေကို ကျွန်တော်တို့က အာဏာ အများကြီး ပေးမိရင် နောက်ဆက် တွဲ အနေနဲ့ အကျင့်ပျက်ခြစားမှုတွေက ပါလာတယ်။ အဲတော့ ကျွန်တော်တို့ လုပ်နိုင်တာကျတော့ တခြား နိုင်ငံ တွေမှာ လုပ်ဆောင်သွားတဲ့ ကောင်းတဲ့ အမူအကျင့်တွေကို အတုယူဖို့ပါပဲ”  ဟု ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly