ဟောင်ကောင်ဆန္ဒပြသူများကို ထောက်ခံသည့် ဥပဒေ ဒေါ်နယ်ထရမ့် အတည်ပြုလက်မှတ်ထိုး

ဟောင်ကောင်ဆန္ဒပြသူများကို ထောက်ခံသည့် ဥပဒေ ဒေါ်နယ်ထရမ့် အတည်ပြုလက်မှတ်ထိုး

နိုဝင်ဘာ ၂၈ ။               ။ ဟောင်ကောင်ရှိ ဒီမိုကရေစီလိုလားသော ဆန္ဒပြသမားများကို ထောက်ခံအားပေးသည့် ဥပဒေတစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၂၇ ရက်တွင် အတည်ပြုလက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

ယင်း လက်မှတ်ထိုးမှုက တရုတ်အစိုးရကို အမျက်ဒေါသထွက်စေနိုင်သည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်လာခဲ့သည်။

သမ္မတ ထရမ့်အနေဖြင့် အစောပိုင်းက ယင်း ဥပဒေကြမ်းကို လက်မှတ်ထိုးရန် အင်တင်တင် ဖြစ်နေသည့် ပုံပေါ်ခဲ့သော်လည်း ယခုအခါ ယင်းကို အတည်ပြုလက်မှတ်ထိုးပေးလိုက်ခြင်းဖြစ်သည်။

အဆိုပါ ဟောင်ကောင် ဥပဒေကြမ်းနှင့်ပတ်သက်၍ ကွန်ဂရက်တွင် အမတ်အားလုံးနီးပါး၏ တခဲနက် ထောက်ခံမှုကို ရရှိထားပြီးဖြစ်သည်။

ထုတ်ပြန်ချက်တစ်စောင်တွင် ထရမ့်က ၎င်းအနေဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်အပေါ် လေးစားမှု ရှိပါကြောင်း၊ ယင်းအတွက် တရုတ်နှင့် ဟောင်ကောင် ခေါင်းဆောင်များအနေဖြင့် အမြင်မတူညီမှုများကို ပြေလည်အောင် ဖြေရှင်းသွားနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောထားသည်။

သို့သော် ယခုကဲ့သို့ ဟောင်ကောင် ဥပဒေကို ထရမ့် လက်မှတ်ထိုးလိုက်ခြင်းအပေါ် တရုတ်က နိုဝင်ဘာ ၂၈ ရက်တွင် ပြင်းထန်စွာ ကန့်ကွက်လိုက်ပြီး ခိုင်မာသည့် တုန့်ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် အသင့်ရှိနေကြောင်း သတိပေးသွားခဲ့သည်။

အလားတူ ယခုကဲ့သို့ ဟောင်ကောင် ဥပဒေကို ထရမ့် လက်မှတ်ရေးထိုးမှုအပေါ် စိတ်မကောင်းကြောင်း ဟောင်ကောင်အစိုးရက ထုတ်ဖော်လိုက်ပြီး ဝါရှင်တန်သည် ဟောင်ကောင် ပြည်တွင်းရေးမှာ ဝင်စွက်ဖက်နေကြောင်း စွပ်စွဲသွားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly