ပုသိမ်ကြီး ကျောက်မီးသွေးသုံးစက်ရုံစီမံကိန်းအတွက် ဒီမိုကရေစီအင်အားစု ၁၀၀ ခန့် ဆန္ဒထုတ်ဖော်မည်

ပုသိမ်ကြီး ကျောက်မီးသွေးသုံးစက်ရုံစီမံကိန်းအတွက် ဒီမိုကရေစီအင်အားစု ၁၀၀ ခန့် ဆန္ဒထုတ်ဖော်မည်
ပုသိမ်ကြီးမြို့နယ်အတွင်း ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုကို ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှုအား ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့က မြင်တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ကိုဦး

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ။          ။ မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ် ၊ အောင်သပြေကျေးရွာအနီးမှ တည်ဆောက်ထားသော ကျောက်မီးသွေး ဘိလပ်မြေစက်ရုံတည်ဆောက်မှုဖျက်သိမ်းပေးရေး နှင့် ဖမ်းဆီးခံ အောင်သပြေကျေးရွာသားများ ပြန်လွှတ် ပေးရေးအတွက် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ အင်အား ၁၀၀ ကျော်ခန့်ုဖြင့် ဆန္ဒ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း  ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ရန်ကုန်အခြေစိုက်အရပ်ဖက်အဖွဲ့အစည်းနှင့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားဆောင်ရွက်သူ အင်အား ၁၀၀ ကျော်ခန့် ပါဝင်သွားမည်ဖြစ်ပြီး ဆန္ဒပြရန် သက်ဆိုင်ရာမှ ခွင့်ပြုမိန့် တောင်းခံထားခြင်း မရှိကြောင်း သိရသည်။

“ ကျွန်တော်တို့ အောင်သပြေကျေးရွာက လူတွေကို ဖမ်းဆီးထားတာတွေ ၊ ထောင်ထဲ ဖမ်းဆီးထားတာတွေ ရှိတယ်။ ဒါတွေကို တရားစွဲခံရတဲ့သူတွေက ဦးဆောင်ဆန္ဒထုတ်ဖော်ကြမယ်။  ဒီစီမံကိန်းက ရွာအပါအဝင် ပတ်ဝန်းကျင်ရွာတွေအထိ အကျိုးမရှိဘူး။  လူတွေက အခုထိတောင်းဆိုနေတယ်။ ဒါပေမဲ့ ရွာရဲ့ ၃ ပုံ ၂ ပုံလောက် ရွာသားတွေက ဝရမ်းနဲ့ ထွက်ပြေးနေကြရတယ်။ ဘာမှမလုပ်ပေးဘူး။ အဓိက ကတော့  စီမံကိန်းဖျက်သိမ်းရေးကို  တောင်းဆိုမယ်။  နိုင်ငံရေးအင်အားစုတွေ အဓိက ပါဝင်တောင်းဆိုသွားမယ်”  ဟု ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ကိုကျော်ကျော်က ပြောသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင်  စီမံကိန်းဖျက်သိမ်းရေး ၊ ဖမ်းဆီးခံရသော အောင်သပြေကျေးရွာသားများ လွတ်မြောက်ရေး ၊ထောင်ထဲတွင်နှိပ်စက်ခံပြီး သေသွားသော ကိုထွန်းမြင့်ဝင်း အမှု မှန်ပေါ်ပေါက်ရေး ၊  ၉ တန်းကျောင်းသား ကိုတူးဝေယံအား ချက်ချင်းပြန်လွှတ်ပေးရေး စသည့် အချက် ၅ ချက်ဖြင့် ကြွေးကြော် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီစီမံကိန်းက ဥပဒေနဲ့ လွဲချော်ပြီး လုပ်ထားတဲ့ဟာ၊  ဥပဒေမှာ သူတို့ကျေးလက်လမ်းက သက်သက် ၊ စီမံကိန်းက သက်သက်  သူတို့က တင်ထားတယ်။ တစ်ကယ်လက်တွေ့တော့ ကျေးလက်က ကိုယ်ထူကိုယ်ထ လုပ်ထားတဲ့ လမ်းပေါ်  ကုမ္ပဏီက သိမ်းပိုက်တယ်။ အဲ့တာကို ဒေသအာဏာပိုင်တွေက ကျေးရွာဘက်က မကာကွယ်ဘဲ ဥပဒေချိုးဖောက်တဲ့   ကုမ္ပဏီဘက်က ကာကွယ်ပေးတယ်။   အစိုးရ အားကိုးလိုမရတော့ ကိုယ်မြေ ကိုယ်ခြံစည်းရိုးခတ်တဲ့လူတွေကို တရားစွဲထောင်ချတယ်။ လျော်ကြေးလည်း မပါဘူး။   မန္တလေးတိုင်း ဒေသ အစိုးရအဖွဲ့ကိုယ်တိုင် ကုမ္ပဏီဘက်ကလိုက်ပြီး  ပြည်သူ့လူထုအပေါ် ထပ်ပြီး  လူ့အခွင့်အရေးအရ  ဘက်ပေါင်းစုံက ချိုးဖောက်နေတယ်။  ဒီစီမံကိန်းက ဥပဒေ ရောချိုးဖောက်တယ်။ လူ့အခွင့်အရေးရော ချိုးဖောက်တယ်။  သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တယ်။ ဒီစီမံကိန်းကို မလုပ်တာ ကောင်းတယ်။ အဲ့က ရမယ့် တိုင်းပြည်ရဲ့ အကျိုးစီးပွားကဘယ်လောက်မှ မရှိဘူး “  ဟု  ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ကိုကျော်ကျော်က ပြောသည်။

ပုသိမ်ကြီးမြို့နယ် ၊ အောင်သပြေကျေးရွာအနီးတွင် တည်ဆောက်ထားသော ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာဘိလပ်မြေ စက်ရုံ စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများ မတရားဖမ်းဆီးခံရခြင်း ၊ မြေသိမ်းခံရခြင်း ၊ ထောင်တွင်းနှိပ်စက်သတ်ဖြတ်ခြံရခင်းနှင့် ဥပဒေအရ ဖြေရှင်းဆောင်ရွက်ပေးရန် ဆန္ဒထုတ်ဖော်သူများကို လည်း သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီး၊  တရားစွဲဆိုခြင်း ပြုလုပ်ခဲ့ကြောင်း  သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly