ICJ သို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည့်ခရီးစဉ်အပေါ် ဘာသာပေါင်းစုံမှ အရပ်ဖက် အဖွဲ့အစည်းများက ထောက်ခံကြိုဆို

ICJ သို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည့်ခရီးစဉ်အပေါ် ဘာသာပေါင်းစုံမှ အရပ်ဖက် အဖွဲ့အစည်းများက ထောက်ခံကြိုဆို
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ။        ။ ICJ သို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည့် ခရီးစဉ်အပေါ် ထောက်ခံကြိုဆိုကြောင်း ဘာသာပေါင်းစုံမှ အရပ်ဖက်အဖွဲ့အစည်းများက ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ ထုတ်ပြန်လိုက်ရတဲ့ သဘောထားက နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ေအနနဲ့ တာဝန် ယူမှု၊ တာဝန်ခံမှုရှိတယ်။ ရဲရဲဝံ့ဝံ့ရင်ဆိုင်တယ်။ အဲ့တာကို ထောက်ခံတယ်။ အားလုံးက နိုင်ငံကို စွဲထားတာ ဖြစ်တယ်။ ဘယ်လိုဆုံးဖြတ်မလဲတော့ မသိသေးဘူးလေ။ ဒီဟာက UN ရဲ့ အမြင့်ဆုံး ခုံရုံးပဲလေ။ အဲ့တော့ ဟိုလို၊ ဒီလိုတော့ လုပ်လို့ ရမှာမဟုတ်ဘူး။ အဲ့တော့ ကျွန်တော်တို့ မျှော်လင့် တာက တရားမျှတရမယ်။ လွတ်လပ်ရမယ်။ ဒီလိုပဲ မျှော်လင့်တယ်။ ကိုယ့်ဘက်က တင်ပြချက် ကလည်း မှန်မှန်ကန်ကန်တင်ပြနိုင်ဖို့ လိုအပ်ပါတယ်” ဟု မြန်မာမွတ်စလင်ကွန်ရက်၏ သဘာပတိ ဒေါက်တာမြင့်သိန်းက မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံသည် မွတ်ဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားပြီး မြန်မာနိုင်ငံ၏ အကျိုးစီးပွားကာကွယ်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီး ဆောင်ရွက်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုအပေါ် မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံတို့မှ လာမည့် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ အတွင်းတွင် နှုတ်ဖြင့် လျှောက်လဲချက် တင်သွင်းရန် သတ်မှတ်ထားသည်။

ထိုသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးစီးဆောင်ရွက်မည့်အပေါ် ရွှေဝါရောင်သံဃာတော်များ ကွန်ရက်၊ မြန်မာမွတ်စလင်ကွန်ရက်၊ အင်ကြင်းမေဟိန္ဒူအမျိုးသမီးများအသင်း၊ ငြိမ်းချမ်းမှု တည်ဆောက် ရေးကွန်ရက်၊ လူမှုမဟာမိတ်အဖွဲ့၊ Stop Child Sexual Abuse၊ ဒို့အမွေငြိမ်းချမ်းရေး ကွန်ယက်၊ Reliable Organization၊ လူ့အခွင့်အရေးနှင့် တန်းတူညီမျှရေးလှုပ်ရှားမှုကွန်ရက် အစရှိသည့် ဘာသာစုံမှ အရပ်ဖက်အဖွဲ့အစည်းကိုးဖွဲ့က ၎င်းတို့၏ သဘောထားကို နိုဝင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်ပေါ်မှာ ICJ က အခုတရားစွဲခံထားရတဲ့အပေါ် စွဲခံရတဲ့သူက ဖြေရှင်းရမယ့် တာဝန် ရှိတယ်လေ။ ဒါနိုင်ငံတကာစံနှုန်းပဲ။ အခု နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့ သွားရောက်ပြီးတော့ ရဲရဲဝံ့ဝံ့၊ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ သွားရောက်ပြီး အမှန်တရားကို ရှာဖွေဖို့ လုပ်တာဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ အဲ့တာကြောင့် ကြိုဆိုထောက်ခံတာဖြစ်ပါတယ်” ဟု ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ယက်၏ အထွေထွေ အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်က မဇ္စျိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ သို့ သွားရောက်ဖြေရှင်းမည့်အပေါ်  ကြိုဆိုထောက်ခံပွဲကို အခြားသောအရပ်ဖက်အဖွဲ့အစည်းများက လာမည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့ တွင် မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်သွားမည်ဖြစ်ပြီး ယခုထုတ်ပြန်ချက်ကိုလည်း ဖတ်ကြားသွား မည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required