တိုင်းရင်းသားဆိုတာ ဘာလဲ

By စိုင်းညွန့်လွင်
25 November 2019
တိုင်းရင်းသားဆိုတာ ဘာလဲ

မှတ်မိသလောက်ဆိုရင်လွန်ခဲ့တဲ့၁၉၉၇လောက်ကလို့ထင်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)  ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့အခမ်းအနားကို ကျွန်တော်တို့သွားခဲ့ကြပါတယ်။ သက်ဆိုင်ရာ ကိုယ့်လူမျိုးအသီးသီးရဲ့ ရိုးရာဝတ်စုံတွေ ဝတ်လို့ပေါ့။

ဌာနချုပ်တံခါးဝနားရောက်တော့ NLD ပါတီဝင်တွေက ကျနော်တို့ကိုတွေ့တွေ့ချင်းပဲ ဝမ်းသာအားရနဲ့  “တိုင်းရင်းသားတွေ ကြွလာတယ်ဟေ့  ...  တိုင်းရင်းသားတွေ ကြွလာတယ်ဟေ့ ...  ဘေးဖယ်ပေးကြဘေးဖယ်ကြ “  ဆိုပြီး ဝမ်းသာအားရ ကြိုဆိုကြပါတယ်။ လူအုပ်ကြီးလဲ ရှဲပေးပြီးဝင်သာအောင် လမ်းဖယ်ပေးခဲ့ကြပါတယ်။လက်ခုပ်လက်ဝါးတွေလဲ တီးပြီးကြိုဆိုကြပါတယ်။ လက်ဝှေ့ရမ်းပြသူတွေက လည်းပြနဲ့ပေါ့။

ဒီလိုမြင်ကွင်းဟာဆိုရင် သာမန်အားဖြင့်တော့ အရမ်းကို ကြည်နူးစရာကောင်းလှတဲ့ မြင်ကွင်းတစ်ခုပါ။ တက်ရောက်လာသူတွေရော ကြိုဆိုကြတဲ့လူတွေရော အားလုံးဟာ ဝမ်းပန်းတသာရှိနေခဲ့ကြတာ ကြည်နူးစရာပါ။

အမှန်ကိုဝန်ခံရရင် အဲတုန်းကတော့ ကျွန်တော့်စိတ်ထဲမှာ တော်တော်ကို တွေဝေမိန်းမောသွားခဲ့ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်တို့ကိုအခုလို ဝမ်းပန်းတသာကြိုဆိုနေသူတွေ ကိုယ်တိုင်ကလည်း “တိုင်းရင်းသားစင်စစ်တွေ”ဖြစ်နေကြပါလျက်နဲ့ သူတို့ကိုယ်သူတို့ တိုင်းရင်းသားဖြစ်ပါတယ်ဆိုတာကို မေ့လျော့ (မသိရှိ) နေခဲ့တာကို တွေ့ရတော့ စိတ်ထဲမှာမကောင်း ဖြစ်မိပါတယ်။

သူတို့စိတ်ထဲမှာ တိုင်းရင်းသားဆိုတာ ဗမာမဟုတ်တဲ့ တခြားလူမျိုးတွေကိုခေါ်တာပဲလို့ မှတ်ယူထားနေမိပုံ ရပါတယ်။ ဒါပေမဲ့လည်း အဲဒီကိစ္စကို ဘယ်သူ့ကိုမှတော့ ထုတ်ဖေါ်ပြီး ပြောမနေခဲ့တော့ပါဘူးဗျာ။ ပြီးများပြီးသွားမှာလားလို့ပေါ့လေ၊ ဒါပမေယ့်ထင်သလို ပြီးမသွားခဲ့ပါဘူး။

ရေးလိုက်ကြတဲ့ဆောင်းပါးတွေက “ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့တိုင်းရင်းသားအရေး“၊  “တိုင်းရင်းသားအရေးကိုဘယ်လိုဖြေရှင်းကြမလဲ”၊ “တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဖြစ်ပွားနေတဲ့ပြဿနာ“၊ “တိုင်းရင်းသားနိုင်ငံရေးပါတီများညီလာခံ”စသဖြင့်  “တိုင်းရင်းသား“ဆိုတဲ့ စကားလုံးတွေက သီးခြားလူတစ်စုလိုလို ပြောဆိုရေးသားနေကြတာတွေက ရပ်ဆိုင်းမသွားခဲ့ပါဘူး။

အားလုံးရဲ့စိတ်ထဲမှာ တိုင်းရင်းသားလူမျိုးတွေဆိုတာက“ ဗမာ”မဟုတ်တဲ့ တခြားလူမျိုးတွေကို ခေါ်ဝေါ်နေသလို ခံစားမိခဲ့တယ်။

အထက်မှာကျွန်တော်ဖော်ပြခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးမှာကျင်းပခဲ့တဲ့ပြည်ထောင်စုနေ့မှာကျွန်တော်တို့ကို   “တိုင်းရင်းသားတွေလာပြီဟေ့”ဆို ပြီးဝမ်းသာအားရကြိုဆိုခဲ့ကြတဲ့ သူတွေကိုယ်တိုင်ဟာ တိုင်းရင်းသားတွေပဲ မဟုတ်ပါလား။ ကျွန်တော်တို့ကို ကြိုဆိုနေလိုက်ကြတာ သူတို့ကိုယ်သူတို့  “အော်ငါတို့လည်းပဲ တိုင်းရင်းသားတွေပါလား”ဆိုတာကို တောင်မသိတော့သလို ဖြစ်နေခဲ့ကြတာပါ။

အခုတလောသတင်းတစ်ခုမှာ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က“ တိုင်းရင်းသားပါတီတွေဟာ ၂ဝ၂ဝရွေးကောက်ပွဲတွင် တကွဲတပြားပြိုင်မှာ မဟုတ်တော့ပါဘူး။ သူတို့က စုပေါင်းဖွဲ့စည်းပြီး ပြိုင်ကြမှာဖြစ်တဲ့အတွက် ဒါတွေကို ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ မဟာဗျူဟာရှိသင့်တဲ့အတွက် တိုင်းရင်းသားရေးရာကော်မတီကို တိုင်းရင်းသားအစစ်တွေနဲ့ပဲဖွဲ့မှာပါ “  ဆိုပြီး ပြောခဲ့တာ တွေ့ရပါတယ်။

ပြိုင်ဆိုင်ဖို့အတွက်ဖွဲ့စည်းတာတွေနဲ့ပတ်သက်ပြီးတော့ဘာမှမဝေဖန်လိုပေမဲ့  “တိုင်းရင်းသားတွေ”ဆိုတဲ့ အမြင်အပေါ်မှာတော့ သူတို့ပြောဆိုချက်က ကျွန်တော်အဖို့ ရှင်းရှင်းလင်းလင်း သိပ်မရှိခဲ့ပါဘူး။ တိုင်းရင်းသားဆိုတာကို သပ်သပ်ခွဲထုတ်ထားသလို ဖြစ်နေပါတယ်။ သာမန်နိုင်ငံသားတစ်ယောက်က ပြောတာဆိုရင် သိပ်အရေးမကြီးလှပေမယ့် နိုင်ငံကိုခေါင်းဆောင်နေတဲ့ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်က ပြောတာဆိုတော့အတော်ကို သတိထားရမှာ ဖြစ်ပါတယ်။ ကောင်းပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီစတဲ့ ပါတီကြီးတွေမှာ ပါဝင်နေတဲ့ ပါတီဝင်အားလုံးနီးနီးက “တိုင်းရင်းသား”တွေဖြစ်ကြတယ်ဆိုရင် ငြင်းဆန်နိုင်ပါ့မလား။ ကိုယ့်ပါတီထဲက တိုင်းရင်းသားတွေဟာ အနည်းစုဖြစ်ဆဲပဲလို့ မှတ်ယူနေကြဆဲပဲလား။

ဗမာဆိုတာ တိုင်းရင်းသားတစ်ခု/တစ်မျိုးဖြစ်ပါတယ်ဆိုတာကို လက်မခံကြဘူးလားလို့မေးရင် ဘယ်လိုများ အဖြေပေးကြမှာပါလဲ။ အဓိကဖြစ်နေကြတာက အားလုံးဟာ တိုင်းရင်းသားပါပဲ၊ ဗမာလည်း တိုင်းရင်းသားပါပဲဆိုတဲ့  concept  အယူအဆကို စာအားဖြင့် ရေးသားလက်ခံထားကြပေမယ့် အတော်များများရဲ့ စိတ်ထဲနှလုံးသားထဲမှာတော့ လက်မခံနိုင်ကြသေးတာဘဲ ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာတော့ ဗမာအမျိုးသားဝတ်စုံဝတ်၊ တခြားလူမျိုးတွေနဲ့ အတူတွဲပြီးသရုပ်ပြတဲ့ပွဲတွေကိုတော့တွေ့ရတတ်ပါတယ်။အဓိကလူမျိုးကြီး (၈)မျိုးကို ဖော်ပြရာမှာလည်း ဗမာလူမျိုးကို ထည့်သွင်းပြခဲ့တာတွေတော့ ရှိပါတယ်။

ဗမာလူဦးရေ (ဝ.ဝ၁%) ကျော်ရှိတဲ့ ပြည်နယ်တွေမှာလဲ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးတွေက အထင်အရှားရှိနေတာပါ။ ဒီအချက်တွေက ဗမာလူမျိုးဟာလည်း တိုင်းရင်းသားတစ်မျိုးဖြစ်တယ်ဆိုတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်တည့်တည့်ပြောရရင် ဒါတွေကို အခမ်းအနားတွေနဲ့ ပွဲလမ်းသဘင်တွေမှာပဲ အတွေ့ရများပါတယ်။ တခြားနေရာတွေမှာ တွေ့ရတာအရမ်းကို နည်းလှပါတယ်။

တချို့နိုင်ငံရေးဆွေးနွေးပွဲတွေမှာခေါင်းဆောင်တချို့ကငြင်းခုန်ကြရင်းစိတ်ပျက်တဲ့အခါ  “မင်းတို့တိုင်းရင်းသားတွေက အရမ်းပြောရခက်တာပဲကွာ”ဆိုပြီး ညည်းပြောပြောတတ်ပါတယ်။ သူကိုယ်တိုင်လည်း တိုင်းရင်းသားဆိုတာကို မေ့နေခဲ့တာပါ။ တိုင်းရင်းသားဆိုတာတွေက သပ်သပ်၊ ဗမာဆိုတာက သပ်သပ်ဆိုတဲ့ နှလုံးသားစိတ်အခံက ပြန်လည်ဖော်ပြနေတာ ဖြစ်ပါတယ်။

ကျွန်တော်တို့သုံးနှုန်းနေတဲ့minority  ဆိုတဲ့စကားလုံးကလည်းအခုဖြစ်နေတဲ့ကိစ္စတွေအပေါ်အကျိုးသက်ရောက်မှုရှိနေတယ်လို့ထင်မြင်မိပါတယ်။လူများစုကို majority  လို့ သုံးနှုန်းနေတာကိုကလည်း ကျွန်တော်တို့နိုင်ငံမှာ အခုတိုင်းရင်းသားနဲ့ ဗမာနဲ့ကွဲပြားနေမှုကို အများက တလွဲထင်မြင်မှုကို အထောက်အကူဖြစ်စေခဲ့၊ ယူဆစေခဲ့တယ်လို့ မြင်မိပါတယ်၊ အဲလိုတော့ မယူဆစေချင်ပါဘူး။

တကယ်တမ်းမှာတော့ ရခိုင်တွေက မြန်မာပြည်မှာ လူနည်းစုဆိုပေမဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရခိုင်တွေအများကြီး ရှိနေတာပါ။ မွန်တွေဆိုရင်လည်း ထိုင်းထဲမှာ အများကြီးပါ။ တရုတ်ထဲမှာဆိုရင် ကချင်နဲ့ရှမ်းတွေက သန်းနဲ့ချီရှိနေကြတာဖြစ်ပါတယ်။ minor နဲ့ major ကိုခွဲခြားနေတာက တကယ့်ကိုမကောင်းတဲ့ ကိစ္စပါ၊ တဖက်ကို တွန်းထုတ်နေသလိုပါပဲ၊ အမျိုးသားရင်ကြားစေ့ရေးကို တွန်းထုတ်ဖြိုခွဲ နေသလိုပါပဲ။

ကျွန်တော်တို့ရဲ့နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ အရှည်ကိုမြင်တွေ့စေချင်ပါတယ်။ နှလုံးသားကြီးမြတ်ဖို့ လိုတယ်ဆိုတာကို သိမြင်စေချင်ပါတယ်။ ဟိုးရှေးခေတ်တုန်းက လိုအင်အားကြီးသူနိုင်စတမ်းဆိုတဲ့ စိတ်ဓာတ်တွေကို ဖျောက်ဖျက်စေချင်ပါတယ်။ ဒီနေ့ခေတ်ကာလနဲ့ကိုက်ညီတဲ့ အတွေးတွေ၊ အယူအဆတွေ၊ ကျင့်ဝတ်တွေကို နားလည်စေချင်ပါတယ်၊ ကျင့်သုံးစေချင်ပါတယ်။

ဒါမျိုးတွေကလည်း ဗမာ့အသိုင်းအဝိုင်းတစ်ခုထဲမှာလို့ ပြောလိုက်ရင်လဲ တရားမှာမဟုတ်ပါဘူး။ နှစ်ကာလကြာရှည်စွာ ခွဲခြားခံခဲ့ရတဲ့ လူမျိုးစုတွေဘက်မှာလဲ သက်ရောက်မှုက အသေအချာကို ရှိနေခဲ့တာပါ။

အခုဆိုရင်နိုင်ငံရေးလောကမှာ တိုင်းရင်းသားပါတီတွေ (တကယ်တော့လူမျိုးစုပါတီတွေ) ချည်းသက်သက်နဲ့ဖွဲ့စည်းထားတဲ့ မဟာမိတ် (၂) အုပ်စု ရှိပါတယ်။ သူတို့တွေဆိုရင် ဗမာပါတီ(သူတို့အထင်ဗမာအများစုနဲ့ဖွဲ့ထားတဲ့ − လူမျိုးစုပါတီမဟုတ်တဲ့ပါတီ)တွေကို ဖွဲ့စည်းထားတဲ့ မဟာမိတ်အုပ်စုထဲကို ဖိတ်ခေါ်လိုစိတ် မရှိကြပါဘူး။ သူတို့ကိုယ်တိုင်က လူမျိုးနာမည်မတပ်ထားတဲ့ပါတီတွေကို (ခွဲခြားပြီး) မပါဝင်စေချင်ခဲ့ကြပါဘူး။

အမှန်ကိုဝန်ခံရရင် အဲဒီလူမျိုးစုနာမည်ခံထားကြတဲ့ နိုင်ငံရေးပါတီတွေ ကိုယ်၌က လူမျိုးရေးခွဲခြားသလိုဖြစ်နေခဲ့တာ ကိုယ့်ကိုယ်ကို မသိခဲ့ကြပါဘူး။ ဒီအယူအဆက ပြန်လည်ပြုပြင်ထိန်းသိမ်းရမဲ့ အယူအဆအဖြစ်ရှိနေဆဲပါ။

ဒါကြောင့် ကျွန်တော်တို့စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) မဟာမိတ်အဖွဲ့မှာ လူမျိုးနာမည်မတပ်ထားတဲ့ ပါတီတွေနဲ့အလုပ်လုပ်နိုင်အောင်  UNA +++  မိတ်ဖက်အဖွဲ့အစည်းများဆိုပြီး ဖွဲ့စည်းလက်တွဲ လုပ်ကိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ပြောချင်တာကတော့ တိုင်းရင်းသားဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လူအများစုက (အခြေခံဥပဒထဲမှာ ဘယ်လိုပဲ အဓိပ္ပာယ်ဖွင့်ဆိုထားပါစေ)  နားလည်လက်ခံနိုင်မှု အရမ်းကိုအားနည်းနေတယ်ဆိုတာကို ဖွင့်ဆိုချင်တာပါ။

အရင်တုန်းကဆိုရင် အမြင်ကျဉ်းတဲ့ လူမျိုးရေးဝါဒသမားတွေဆိုပြီး ပြစ်တင်စွပ်စွဲတာမျိုး ရှိခဲ့ပါတယ်။ တဖက်ကလည်း မဟာဗမာလူမျိုးကြီးဝါဒဆိုပြီး ပြန်လှန်စွပ်စွဲခဲ့ကြတာမျိုးလည်း ရှိခဲ့ဖူးပါတယ်။ ဒါတွေကို သေချာပြန်လှန်ဆန်းစစ်ကြည့်လိုက်ရင် “တိုင်းရင်းသား”လို့ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် သေသေချာချာနားမလည်တဲ့အပြင် တိုင်းရင်းသားဆိုတာ ဗမာလည်းပါဝင်တယ်၊ တိုင်းရင်းသားဆိုတာ (ကိုယ်တွေအားလုံးပါဝင်တဲ့) ဝေါဟာရတစ်ခုပဲ ဖြစ်တယ်ဆိုတာကို လက်မခံခဲ့တဲ့ (မသိနားမလည်ခဲ့တဲ့)  ပြဿနာပဲလို့ ကျွန်တော်တော့ ကောက်ချက်ချ ကြည့်ချင်မိပါတယ်။

ဒါဆိုရင်တိုင်းရင်းသားဆိုတဲ့ ဝေါဟာရကို ဖွင့်ဆိုတဲ့နေရာမှာ အများက နားမလည် / လက်ခံမှု မရှိဖြစ်နေခြင်းဟာ လက်ရှိကျွန်တော်တို့ ဖြေရှင်းနေရတဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းတွေ၊ အပစ်ရပ်စဲရေးလုပ်ငန်းတွေမှာ သိမ်သိမ်မွေ့မွေ့နဲ့ ပါဝင်ပတ်သက်နေတဲ့ (ဘယ်သူမှသတိမထားမိသေးတဲ့)  အခက်အခဲတစ်ခုလို့ဆိုရင် မမှားလောက်ဘူးလို့ မြင်မိပါတယ်။အဲ့ဒီ concept ကို ပြုပြင်လိုက်နိုင်ရင် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်အတွက် အများကြီးအထောက်အကူဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။

၂၁ရာစုပင်လုံပြည်ထောင်စုညီလာခံမှာပါဝင်တဲ့ တိုင်းရင်းသား(လူမျိုး)တွေကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့တိုက်တွန်းခဲ့တာတွေ ရှိပါတယ်။ကရင်လူမျိုး၊ ပအို့ဝ်လူမျိုး၊ မွန်လူမျိုးစသဖြင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ခဲ့ကြပါတယ်။ ရှမ်းလူမျိုးအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးဖို့မှာတော့ အခက်အခဲဖြစ်နေဆဲ ဖြစ်ပါတယ်။နေရာသတ်မှတ်ချက်မှာ ကွဲလွဲနေကြတာပါ၊ ကောင်းပါပြီ။

တိုင်းရင်းသားဖွင့်ဆိုချက်တွေထဲမှာ ဗမာလည်းပဲ တိုင်းရင်းသားလူမျိုးတစ်မျိုးဆိုရင် ဗမာတိုင်းရင်းသား အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကော မလုပ်ကြဘူးလားဆိုတဲ့ မေးခွန်းကို မေးမိသူတွေ ရှိပါတယ်။ မျက်တောင့်နီနီကြီးတွေနဲ့ အကြည့်ခံရပြီး ဘယ်လိုအဖြေမျိုးကိုမှ ပြန်မရခဲ့ကြပါဘူး။ ဒါကဘာကိုပြသလည်းဆိုရင် ဗမာဟာတိုင်းရင်းသားတစ်မျိုးဘဲ ဖြစ်ပါတယ်ဆိုတဲ့ အမှန်တရားကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသူတွေ ရှိနေဆဲဆိုတာကို ဖေါ်ပြနေတာပါ။

စဉ်းစားကြည့်ပါလေ လူမျိုးတွေအားလုံးက ပြည်ထောင်စုဖွဲ့စည်းရေးမှာ ပါဝင်ဖို့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပနေကြပေမယ့် တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်တဲ့ ဗမာလူမျိုးကြတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ဘူးဆိုရင် ဘယ်လိုကြီးလည်းလို့ မေးခွန်းထုတ်နိုင်ကြမယ် ထင်ပါတယ်။

ဒီလိုအတွေးမျိုးတွေက အတော်များများမှာ ရှိနေခဲ့တာပါ။ ဒါပေမယ့် ဒီလိုပြောလိုက်လို့ရှိရင် အငြိုးအတေး အငြိုအငြင်ခံရမှာမို့ ဘယ်သူကမှ အမုန်းခံမပြောခဲ့ကြပါဘူး။ ပြောတဲ့ကောင်ခံရပြီသာမှတ်ဆိုတဲ့ အတွေးကြောင့် သိသိကြီးနဲ့ငြိမ်နေခဲ့ကြတာပါ။

အဲလိုနည်းနဲ့ အခုကိစ္စမျိုးကို ဘယ်တိုင်းရင်းသားလူမျိုးထဲက တစ်ယောက်မှထုတ်မပြောရဲကြပါဘူး။ ပြောခဲ့ရင် သူတို့အတွက်အန္တရာယ်ရှိတယ်လို့ ခံစားနေကြရတာကြောင့်လည်း ဖြစ်ပါတယ်။ တကယ်တော့ အဲလိုမပြောခဲ့တဲ့အတွက် မှားပြီးရင်းမှားခဲ့ကြရာကနေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တိတိလင်းလင်းတစ်မျိုး၊ တိုးတိုးတိတ်တိတ် တစ်ဖုံထိခိုက်လာနေခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒီအခြေခံစိတ်ဓာတ်ကလေးကိုသာ ပြောင်းလဲနိုင်မယ်ဆိုရင် မကြာမီနောင်တစ်ချိန်မှာ ဘယ်နိုင်ငံခြားတိုင်းပြည်ကိုသွားသွား “ငါဟာမြန်မာနိုင်ငံသားပါ”လို့ လူတိုင်းဖြေကြားတဲ့ အခြေအနေကို ရောက်လာလိမ့်မယ်လို့ မြင်မိပါတယ်။

အခုကျွန်တော့်တင်ပြချက်တွေဟာ သဘာဝကျကျနဲ့ ပြည်ထောင်စုအစစ်အမှန်ကို သိမြင်နားလည်သူတွေအတွက် ပြဿနာမဟုတ်ပေမယ့် အစွန်းရောက်အမျိုးသားရေးဝါဒီတွေဆိုရင်တော့ ဆန့်ကျင်တိုက်ခိုက်ခံရမယ်ဆိုတာကို ကြိုတင်တွက်ဆမိပါတယ်။

သို့သော်လည်းပဲ အခုလိုမတင်ပြပြန်ရင်လည်း ဒီနေ့ကျွန်တော်တို့တတွေရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ အလွန်ကို ကြီးကျယ်တဲ့တာဝန်ကြီးကို ကျေပွန်အောင် မဆောင်ရွက်နိုင်ရာကျတယ်လို့ ယူဆမိတဲ့အတွက် စွန့်စားတင်ပြနေရခြင်းဘဲ ဖြစ်ပါတယ်။

တကယ်တော့လည်း ဗမာနဲ့တိုင်းရင်းသားဆိုတဲ့လူမျိုးစုတွေဟာ အတူတူဖြစ်နေပါလျက်နဲ့ မတူကွဲပြားနေသလိုဖြစ်နေအောင် သွေးခွဲထားတာကို မဖြစ်မနေ ပြန်လည်ပြင်ဆင်ရမယ့်လုပ်ငန်းတစ်ခုလို့ မြင်မိပါတယ်။

အခုကျင်းပနေတဲ့၂၁ရာစုပင်လုံ- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ လာတက်ခဲ့တဲ့လူတွေအားလုံးဟာ “တိုင်းရင်းသား”တွေချည်းပဲ၊ အားလုံးဟာမြန်မာနိုင်ငံရဲ့တိုင်းရင်းသားတွေအတူတူပဲဆိုတဲ့ စိတ်အခံ (အမှန်တရား)နဲ့သာဆိုရင် အခုထက်ပိုမိုပြီးဆွေးနွေးရပိုလွယ်မယ်လို့ ယူဆမိပါတယ်။ ပိုမိုပြီးသွေးနီးကြလိမ့်မယ်လို့မြင်မိပါတယ်။

တစ်ခါတစ်ခါတော့လည်းအမှန်တရားကိုတင်ပြပြီးမှားနေတာကိုပြင်ဖို့လုပ်ရတာအတော့်ကိုခါးသီးမှန်းသိထားပါတယ်။သို့သော်လည်းခဏတာလောက်ခါးသီးပြီးတစ်သက်တာလောက်ကောင်းသွားဖို့ဆိုရင်တော့စွန့်စားပြောဆိုရကျိုးနပ်လိမ့်မယ်လို့ထင်မိပါကြောင်း။

 

စာရေးသူ စိုင်းညွန့်လွင်သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)တွင် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်သည်။

 

Mizzima Weekly