တရုတ် ‘ဇီးရိုးဘတ်ဂျက်’ ခရီးသွား စီအစဉ်ကို ထိန်းချုပ်ဖို့ မြန်မာကြိုးပမ်းနေ

တရုတ် ‘ဇီးရိုးဘတ်ဂျက်’ ခရီးသွား စီအစဉ်ကို ထိန်းချုပ်ဖို့ မြန်မာကြိုးပမ်းနေ

မန္တလေး(နိုဝင်ဘာ ၂၂ရက်၊ ၂၀၁၉ခုနှစ်) ။    ။ မြန်မာ့ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများအတွက်သာမက တိုင်းပြည်ဝင်ငွေကိုပါ များစွာ နစ်နာစေသည်ဟု အသံကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီးနောက် တရုတ်ခရီး သွားများ၏ ‘ဇီးရိုးဘတ်ဂျက်’ အစီအစဉ်ကို ကိုင်တွယ်ဖြေရှင်းရန် မြန်မာအစိုးရက စတင်ကြိုးပမ်းလာပြီ ဖြစ်သည်။

‘ဇီးရိုးဘတ်ဂျက်’ ဆိုသည်မှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြသည့် တရုတ်ခရီးသွားများကို တရုတ်ခရီးသွားအေဂျင်စီများက တရုတ်နိုင်ငံသားများ ပိုင်ဆိုင်သည့် ဟိုတယ်၊ စားသောက်ဆိုင်များတွင်သာ နေထိုင်စား သောက်ရန်နင့် ခရီးသွားအေဂျင်စီက သတ်မှတ်ထားသည့် အရောင်းဆိုင်များတွင်သာ ဝယ်ယူကြရသည့် အစီအစဉ် ဖြစ်သည်။

ခရီးသွားများကို အလွန်ဈေးသက်သာသော နှုန်းထားဖြင့် လည်ပတ်စေသော်လည်း ကော်မရှင်များများယူ၊ အမြတ်များများတင်သော စနစ်ဖြင့် ငွေပြန်ယူခြင်းဖြစ်သည်။

သို့သော် လက်ရှိတွင် ‘ဇီးရိုးဘတ်ဂျက်’ ခရီးသွားများ၏ ငွေပေးချေမှုအပိုင်းကို ဗဟိုဘဏ်က ထိန်းချုပ်ရန် ကြိုးပမ်းနေသလို စည်းကမ်းပိုင်းဆိုင်ရာများကိုလည်း ကြပ်မတ်လျက်ရှိသည်ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင် များအသင်း တာဝန်ရှိသူက ပြောကြားသည်။

“ဇီးရိုးဘတ်ဂျက်တွေကို Do and Don’t(လုပ်ရ၊ မလုပ်ရ) တွေကို စည်းကမ်းသေချာ ချမှတ်လုပ်ဆောင်နေပါတယ်။ Payment(ငွေပေးချေမှု) အပိုင်းမှာ ဗဟိုဘဏ်ကနေ ထိန်းချုပ်နေပါတယ်။ တရုတ်ကို တိုက်ရိုက်မထွက် တော့အောင် ထိန်းချုပ်လျက် ရှိပါတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်သဇင်ဖေချစ်က ပြောသည်။

အခြားတစ်ဖက်တွင်လည်း ‘ဇီးရိုးဘတ်ဂျက်’ အစီအစဉ်ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများနှင့် ဧည့်လမ်းညွှန်များ၏ ဝင်ငွေကိုပါ ထိခိုက်မှုများ ရှိနေသည်။

မန္တလေးဧည့်လမ်းညွှန်များအသင်း၊ ဘဏ္ဍာရေးမှူး ဦးမျိုးဝင်းက “တရုတ်ခရီးသွားတွေ အများကြီး လာကြတယ်။ ဒါပေမယ့် ပြည်တွင်းမှာရှိတဲ့ (Tour) Guide (ဧည့်လမ်းညွှန်)တွေကို လိုသလောက် သုံးသွားမယ်ဆိုရင် Guide တွေက ပျော်တာပေါ့။ လိုင်စင်ရအောင် မနည်းကြိုးစားလုပ်ထားရတာ၊ သူတို့ကလည်း အလုပ်လုပ်ချင်မှာပေါ။ အဲ့ဒီအချိန်မှာ Guide ကို မသုံးတဲ့ကိစ္စကို ကြားရတယ်။ စိတ်တော့ မကောင်းဘူး” ဟု ဆိုသည်။

အထက်ပါ အခြေအနေများကို ထိန်းချုပ်နိုင်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး တရုတ်ခရီးသွားဧည့်သည်များကို စောင့်ကြည့်လေလာနိုင်ရန် ရန်ကုန်၊ မန္တလေးနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ တို့တွင် အဖွဲ့များ ဖွဲ့စည်းထားသည်။

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက “ခရီးသွားကဏ္ဍမှာ ပါဝင်နေတဲ့သူတွေနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု၊ ပေါင်းစပ်ညှိနှိုင်းမှုတွေနဲ့ လုပ်နေပါတယ်။ Tourism Law (မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ)လည်း ထွက်လာပြီဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်နေသလို၊ ခေါ်ယူသတိပေးတာတွေ ရှိသလို သွားရောက်တယ်၊ ကြီးကြပ်တယ်၊ အသိပညာပေးတာတွေ၊ အရေး ယူတဲ့ အပိုင်းတွေကို လုပ်နေတယ်” ဟု ပြောသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်း မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံသား ၁၁သိန်းကျော် ဝင်ရောက်ခဲ့သည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန် ထား သည်။ ယင်းပမာဏသည် ယမန်နှစ်က အလားတူကာလနှင့် နှိုင်းယှဉ်ပါက လေးသိန်းနီးပါးခန့် ပိုမိုများပြားလာသည်။

၂၀၁၅ ခုနှစ်က တရုတ်ဆိုရှယ်မီဒီယာအသုံးပြုသူများအတွင်း ပြန့်နှံ့ခဲ့သော ဗီဒီယိုတစ်ခုတွင် လက်ဆောင်ပစ္စည်း နည်းသည်ဟုဆိုကာ တရုတ်ခရီးသွားများကို ဧည့်လမ်းညွှန်က ကားပေါ်တွင် ငြူစူအော်ဟစ်ပြောဆိုနေမှုပါရှိ သည်။ ယှဉ်ပြိုင်မှုပြင်းထန်သော ခရီးသွားလုပ်ငန်းတွင် ကုမ္ပဏီများက စားရိတ်သက်သာအောင် ဧည့်လမ်းညွှန်များကို လခပေးခြင်းမရှိဘဲ ခရီးသွားများ လက်ဆောင်ပစ္စည်းဝယ်ယူခြင်းမှရရှိသော ကော်မရှင်ကိုသာ ယူစေ  လေ့ရှိကြသည်။

" နင်တို့တွေ တစ်ယောက်ကို ယွမ် ၃၀၀၀၊ ၄၀၀၀ မသုံးနိုင်ဘူးဆိုရင် ငါတို့ ဒီခရီးစဉ်ကို ဖျက်ပစ်မယ်။ ဒီခရီးစဉ်မှာ နင်တို့ အပြန်လက်မှတ်အတွက် မပါဘူး" ဟု ဧည့်လမ်းညွှန်က ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံဆိုလျှင် ၂၀၁၆ခုနှစ်က စတင်ပြီး ဇီးရိုးဘတ်ဂျက်ဖြင့် ဝင်ရောက်လာသည့် တရုတ်ခရီးသွားများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ၂၀၁၆ခုနှစ်အတွင်း ဇီးရိုးဘတ်ဂျက်ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြသည့် ခရီးသွားကုမ္ပဏီ သုံးခုကို ပိတ်သိမ်းခဲ့ပြီး ၂,၁၅၅ စီးကို သိမ်းဆည်းခဲ့သည်ဟု အာဆီယံပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ အနေဖြင့်လည်း ဇီးရိုးဘတ်ဂျက် ခရီးသွားများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရန်ကုန်တိုင်းခရီးသွားလုပ်ငန်းကော်မတီက ပြည်ထောင်စုအစိုးရထံ အစီရင်ခံစာတင်မည်ဟု ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဩဂုတ်လကုန်ပိုင်းက ပြောဆိုထားသည်။

မြန်မာအစိုးရ အနေဖြင့် ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံသားများ၊ တရုတ် နိုင်ငံ၏ ဟောင်ကောင်နှင့်မကာအို အထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့် ခရီးသည်များအတွက်(Tourist Visa) ကို ဗီဇာကင်းလွတ်ခွင့် (Visa Exemption) ဖြင့်လည်းကောင်း၊ တရုတ်နိုင်ငံသားခရီးသည်များအနက် လေကြောင်းဖြင့် လာရောက်သည့် ခရီးသည်များအတွက် ကမ္ဘာလှည့် ဗီဇာ(Tourist Visa) ကို ဆိုက်ရောက် ဗီဇာ (Visa on Arrival) ဖြင့်လည်းကောင်း (၁.၁၀.၂၀၁၈) ရက်နေ့မှ (၃၀.၉.၂၀၁၉) ရက်နေ့အထိ စမ်းသပ်ကာလ(၁)နှစ် သတ်မှတ်၍ ဝင်ရောက်ခွင့်ပြုခဲ့ပြီး အိန္ဒိယနိုင်ငံသား ခရီးသည်များအနက် လေကြောင်းဖြင့် လာရောက် သည့် ခရီးသည်များကို ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Visa on Arrival (Tourist) ဖြင့်  (၁.၁၂.၂၀၁၈) ရက်နေ့မှစ၍ စမ်းသပ်ကာလ (၁) နှစ် သတ်မှတ် ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

ယခုအခါတွင် အဆိုပါ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ဂျပန်နှင့် တောင်ကိုးရီးယား နိုင်ငံ သားများ၊ တရုတ်နိုင်ငံ၏ ဟောင်ကောင်နှင့်မကာအို အထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့် ခရီးသည်များ အတွက် (Tourist Visa) ကို ဗီဇာကင်းလွတ်ခွင့် (Visa Exemption) ဖြင့် ခွင့်ပြုထားမှုနှင့် လေကြောင်းဖြင့် လာရောက်သည့် တရုတ်နိုင်ငံသား ခရီးသည်များ အတွက် ကမ္ဘာလှည့်ဗီဇာ (Tourist Visa) ကို ဆိုက်ရောက်ဗီဇာ (Visa on Arrival)ဖြင့် ခွင့်ပြုထားမှုအား (၁.၁၀.၂၀၁၉)ရက်နေ့မှ(၃၀.၉.၂၀၂၀) ရက်နေ့အထိလည်းကောင်း၊ လေကြောင်းဖြင့် လာရောက် သည့် အိန္ဒိယနိုင်ငံသားခရီးသည်များကို ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) Visa on Arrival (Tourist) ဖြင့် ခွင့်ပြုထားမှုအား (၁.၁၂.၂၀၁၉) ရက်နေ့ မှ (၃၀.၁၁.၂၀၂၀) ရက်နေ့ အထိ လည်းကောင်း၊ စမ်းသပ် ကာလ(၁)နှစ်စီ အသီးသီး ထပ်မံ သက်တမ်းတိုးခွင့်ပြုသွားမည် ဖြစ်ကြောင်း ဟိုတယ်/ခရီးက စက်တင်ဘာလ ၂ရက်က ထုတ်ပြန်ကြေငြာထားသည်။

အဆိုပါ ဗီဇာကင်းလွတ်ခွင့်ပြုပြီးနောက် တရုတ်ခရီးသွားများကို အကြောင်းပြုပြီး ဇီးရိုးဘတ်ဂျက်အကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအကြား ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြသလို ကိုင်တွယ်ဖြေရှင်း ပေးရန်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly