အပြတ်တိုက် အပြုတ်ရှင်းတဲ့ စိတ်တွေ ပြင်ကြဖို့ သူရ ဦးရွှေမန်းသတိပေး

အပြတ်တိုက် အပြုတ်ရှင်းတဲ့ စိတ်တွေ ပြင်ကြဖို့ သူရ ဦးရွှေမန်းသတိပေး

ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီဝင် ဖြူးမြို့နယ်အမတ်လောင်း သူရဦးရွှေမန်းက အခြားနိုင်ငံရေး ပါတီများကို ရန်သူကဲ့သို့ သဘောမထားဘဲ အပြုတ်တိုက် အပြတ်ရှင်းစိတ်များ မထားကြရန် အောက်တိုဘာ ၂၀ ရက် ဖြူးမြို့နယ် မဲဆွယ် စည်းရုံးမှုတွင် သတိပေးလိုက်သည်။

“အခြား နိုင်ငံရေးပါတီများဟာ ရန်သူ/ရန်ဘက်များ မဟုတ်ဘူး။ ပြိုင်ဘက်လို သဘောထား ရပါမယ်။ အပြုတ်တိုက် အပြတ်ရှင်းစိတ် ထားလို့မရဘူး။ လုပ်ဖော်ကိုင်ဖက်များလို့ သဘောထား နိုင်ရပါမယ်” ဟု ဦးရွှေမန်းက ပြောဆိုခဲ့သည်။

အလားတူ တိုင်းပြည်သူငါဘဲရှိသည်ဟူသည့် ပြောဆိုချက်များသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရစရာ အကြောင်းမရှိသည့် ပြောဆိုချက်များဟုလည်း ဆိုခဲ့သည်။

“ငါပဲတိုင်းပြည်ကိုချစ်တယ်၊ ငါတို့ပါတီပဲတိုင်းပြည်ကိုချစ်တယ်၊ သူတို့ကအဲဒီလို မဟုတ်ဘူး စသည်ဖြင့် ပြောဆိုချက်တွေဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိနိုင်စရာ အကြောင်းမရှိပါဘူး” ဟု ဆိုခဲ့သည်။

အလားတူ အပြောနှင့် အလုပ်ညီသည့် ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးကြရန် တိုက်တွန်းသွားခဲ့ပြီး “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုချင်တယ်၊ တိုင်းပြည်ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် ကျွန်တော်တို့စိတ်ထားတွေ ပြင်ကြဖို့လိုပါတယ်” ဟုလည်း ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly