‘၂၀၁၉ ဘလွန်းဒီအော်ဆုကို လီဗာပူးလ်ကစားသမားတစ်ယောက်ကို ပေးချင်တယ်’ - ဟာဇက်

‘၂၀၁၉ ဘလွန်းဒီအော်ဆုကို လီဗာပူးလ်ကစားသမားတစ်ယောက်ကို ပေးချင်တယ်’ - ဟာဇက်
Photo: EPA

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဟာဇက်က ၂၀၁၉ ဘလွန်းဒီအော် (Ballon d'Or)ဆုကို လီဗာပူးလ်ကစားသမားတစ်ယောက်ကို ပေးသင့်တယ်လို့ ထင်မြင်ကြောင်း ပြောဆိုသွားပါတယ်။

မာနေး၊ ဆာလာ ဒါမှမဟုတ် ဗန်းဒိုက်တို့က ဒီဆုကို ဆွတ်ခူးဖို့ ထိုက်တန်တဲ့သူတွေဖြစ်ပါတယ်လို့ ဟာက်ဇက်က ပြင်သစ်သတင်းစာ Le Parisien ကို ပြောဆိုခဲ့တာပါ။

"ကျနော် ဘလွန်းဒီအောဆုကို လီဗာပူးလ်ကစားသမားတစ်ယောက်ကို ပေးချင်ပါတယ်။  မာနေး၊ ဆာလာ၊ ဗန်ဒိုက်တို့က ဒီဆုနဲ့ ထိုက်တန်သူတွေပါ။ တကယ်လို့ မာနေးသာ ဆီနီဂေါအသင်းနဲ့အတူ အာဖရိကဖလားသာ ရရှိခဲ့မယ်ဆိုရင် တခြားအငြင်းပွားစရာတွေ ရှိနေမှာ မဟုတ်ပါဘူး။ သူရရှိမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါမှမဟုတ် ကျနော့်သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ မိုမို (ဆာလာ)ပါ။ ဒါဟာ အာဖရိကဘောလုံးနဲ့ အင်္ဂလန်ဘောလုံးအသိုင်းအဝိုင်းအတွက် ကောင်းမွန်တဲ့အရာတစ်ခုဖြစ်လာမှာပါ။"

လီဗာပူးလ်ကစားသမားတွေဟာ ၂၀၁၉ ဘလွန်းဒီအော်ဆု ဆန်ခါတင်အယောက် (၃၀)စာရင်းကို လွမ်းမိုးထားပါတယ်။ ကြိုးကြာနီတို့့ဟာ တခြားအသင်းတွေထက် ပိုတဲ့ ကစားသမား (၇)ယောက်အထိ ဒီစာရင်းမှာ ပါဝင်နေခဲ့တာပါ။

ကလော့ပ်ရဲ့အသင်းဟာ အောင်မြင်တဲ့ နှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့ပြီး ဥရောပရဲ့ အကောင်းဆုံးအသင်းအဖြစ် သူတို့ကိုယ်သူတို့ စိုက်ထူပြခဲ့ပါတယ်။ သူတို့ဟာ မေလက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ယူပြီး (၆)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့် (၂)နေရာ ရပ်တည်နိုင်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့ဟာ ၂၀၁၉-၂၀ ရာသီမှာ ရှုံးပွဲမရှိသေးဘဲ လက်စတာအသင်းကို (၈)မှတ်ဖြတ်ပြီး လက်ရှိဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

ဗန်ဒိုက်ဟာ လီဗာပူးလ်ကစားသမားတစ်ယောက်အနေနဲ့ ဘလွန်းဒီအော်ဆုကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံးဖြစ်ပေမယ့် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီနဲ့ ဂျူဗင်တပ်စ်ရဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့နဲ့ ယှဉ်ပြိုင်မှုကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဘလွန်းဒီအော်ဆုရှင်ကို ဒီဇင်ဘာ ၂ ရက်မှာ ပါရီမြို့မှာ ကျင်းပမယ့် ဆုပေးပွဲအခမ်းအနားမှာ ကြေညာသွားမှာဖြစ်ပါတယ်။

Ref; Bleacher Report

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly