IS ကိုတိုက်ခိုက်ရေး ရုရှထံအကူအညီတောင်းရန် အီရတ်မဟာမိတ်နှင့် ရှီးယိုက်ပြည်သူ့စစ်တို့ ၀န်ကြီးချုပ်ကို တိုက်တွန်း

IS ကိုတိုက်ခိုက်ရေး ရုရှထံအကူအညီတောင်းရန် အီရတ်မဟာမိတ်နှင့် ရှီးယိုက်ပြည်သူ့စစ်တို့ ၀န်ကြီးချုပ်ကို တိုက်တွန်း

ဘဂ္ဂဒက်၊ အောက်တိုဘာ ၂၁ ။         ။ အီရတ်နိုင်ငံ၏ ကြီးမားသောအစိတ်အပိုင်းများကို ထိန်းချုပ်ထားသော အိုင်အက်စ်စစ်သွေးကြွများကို လေကြောင်းမှ တိုက်ခိုက်ပေးရေး ရုရှထံ အကူအညီတောင်းရန် အီရတ်၏ အာဏာရမဟာမိတ်နှင့် သြဇာကြီးသော ရှီးယိုက်ပြည်သူ့စစ်များက ဝန်ကြီးချုပ် ဟိုက်ဒါအယ်လ်အဘာဒီကို တိုက်တွန်းခဲ့သည်ဟု ညွန့်ပေါင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များက ရိုက်တာသို့ ပြောကြားခဲ့သည်။

ဝါရှင်တန်ကို မဟာဗျူဟာမဟာမိတ်အဖြစ် ထားရှိနေရစဉ် အိုင်အက်စ်တို့ကို တားဆီးရာတွင် ကာကွယ်ရေးတံတိုင်းအဖြစ် ရှုမြင်ခံရသည့် ပြည်သူ့စစ်များနှင့် ၎င်း၏အာဏာရညွန့်ပေါင်း အဖွဲ့အား ကျေနပ်နှစ် သိမ့်စေရန် ကြိုးပမ်းနေရသည့် အခြေအနေတွင် ရုရှထံ အကူအညီတောင်းခံရန် ဖိအားများက အဘာဒီအပေါ်ကျရောက်လာသည်။

အီရတ်သည် ယင်းကဲ့သို့တိုက်ခိုက်ရေးအကူအညီများရရှိရန် ကြိုးစားမည်မဟုတ်ဆိုသည့် အီရတ်ထံမှအာမခံချက်များ အမေရိကန်က ရရှိထားသည်ဟု အောက်တိုဘာ ၂၀က ဘဂ္ဂဒက်ခရီးစဉ်တွင် အမေရိကန်ထိပ်တန်း ဗိုလ်ချုပ်ကြီးက ဂျိုးဆက်ဒန်ဖို့ဒ်က ပြောသည်။

စစ်အေးရန်သူဟောင်းများဖြစ်သော အမေရိကန်နှင့် ရုရှတို့သည် အီရတ်၏အိမ်နီးချင်း ဆီးရီးယားတွင် လေကြောင်းစစ်ဆင်ရေးများ အပြိုင်ပြုလုပ်လျက်ရှိရာ ယင်းသို့တိုက်ခိုက်မှုမျိုး အီရတ်တွင်ရှိလာနိုင်သည် ဆိုသည့် ခန့်မှန်းမှုများဖြစ်ပေါ်လျက်ရှိသည်။

အဘာဒီ၊ ၎င်း၏အစိုးရနှင့် အီရန်ကျောထောက်နောက်ခံပြု ပြည်သူ့စစ်များက အိုင်အက်စ်အပေါ် အမေရိကန်၏ စစ်ဆင်ရေးကို ကျေနပ်အားရမှုမရှိကြောင်း ထုတ်ဖော်ပြော ဆိုလျက်ရှိပြီး မော်စကိုအပေါ် အားကိုလိုသည့် ရည်ရွယ်ချက်များရှိနေကြောင်း အချက်ပြလျက်ရှိသည်။

ဝန်ကြီးချုပ်သည် ရုရှထံမှ အကူအညီတောင်းခံရန် အာဏာရ အမျိုးသားညွန့်ပေါင်းအဖွဲ့၏ ကြီးမားသည့်ဖိအားပေးခံနေရသည်ဟု ပါလီမန်အမတ်နှစ်ဦးက ပြောသည်။ အီရတ်သည် ဆက်ဒမ်ဟူစိန်ဖြုတ်ချ ခံရပြီးကတည်းက အမေရိကန်၏ စစ်ရေးလေ့ကျင့်ပေးအဖြစ် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံကျော် လက်ခံရရှိခဲ့သည်။ သို့သော်လည်း အီရတ်စစ်တပ်သည် လွန်ခဲ့သည့်နှစ်က မြောက်ပိုင်းကို ဖြတ်လာသော အိုင်အက်စ်များနှင့် ရင်ဆိုင်ရချိန်တွင် ပြိုလဲခဲ့သည်။

အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုသည် ကာလီဖိတ်နိုင်ငံတော်ထူထောင်ကြောင်းကြေညာပြီး အရှေ့အလယ်ပိုင်းမြေပုံကို ပြန်လည်ရေးဆွဲလိုသော အစွန်းရောက်ဆွန်နီစစ်သွေးကြွများ အပေါ်ဆင်နွှဲသော စစ်ပွဲကို အပြောင်းအလဲမလုပ်နိုင်သေးပေ။ ရုရှကို အကူအညီတောင်းရန် အဘာဒီအား တိုက်တွန်းမှုကို လွန်ခဲ့သည့် သီတင်းပတ်က အစည်းအဝေးတစ်ခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်မှ တရားဝင်ဖြေကြားမှုမရှိသေးပေ။

"တိုက်ခိုက်မှုမှာ ရုရှတွေပါဝင်ရမဲ့ အချိန်မဟုတ်သေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပါလိုက်ရင် အမေရိကန်နဲ့ပတ်သက်တဲ့ အခြေအနေက ပိုပြီးရှုပ်ထွေးလာမယ်။ အမေရိကန်နဲ့ အနာဂတ်ရေရှည် ဆက်ဆံရေးမှာ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ရှိလာနိုင်လို့ အစည်းအဝေးတက် အဖွဲ့အစည်းတွေကို အဘာဒီက ပြောကြားခဲ့ပါတယ်"ဟု အဘာဒီနှင့် နီးစပ်သော အကြီးတန်းရှီးယိုက်နိုင်ငံရေး သမားတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly