ရုပ်ရှင်ပြသရေးလုပ်ငန်း မလုပ်ဘဲ ဘဏ်လုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအား အရေးယူမည်ဟု သတိပေး

ရုပ်ရှင်ပြသရေးလုပ်ငန်း မလုပ်ဘဲ ဘဏ်လုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအား အရေးယူမည်ဟု သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၂၁ ။       ။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ (ယခင်မြန်မာ့ရုပ်ရှင်လုပ်ငန်း) မှ ရောင်းချခဲ့သည့် ရုပ်ရှင်ရုံများ လွှဲပြောင်းစဉ်က မူလစာချုပ်ပါ စည်းကမ်းချက်များအရ ရုပ်ရှင်ပြသရေး လုပ်ငန်း ပူးတွဲဆောင်ရွက်ခြင်းမရှိဘဲ ဘဏ်လုပ်ငန်း သီးခြား လုပ်ကိုင်နေကြသဖြင့် ဝယ်ယူထားသည့် ရုပ်ရှင်ရုံ ပိုင်ရှင်များကို တည်ဆဲ တရားဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြန်ကြားရေးဌာနက ကြေငြာချက် ထုတ်ပြန်လိုက်သည်။

ရုပ်ရှင်ပြသရေးလုပ်ငန်း ပူးတွဲ ဆောင်ရွက်ခြင်း မရှိဘဲ ဘဏ်လုပ်ငန်း သီခြား လုပ်ကိုင်နေကြသည့် ရုပ်ရှင်ရုံ ပိုင်ရှင်များမှာ ဦးသိန်းဝင်း ဝယ်ယူထားသည့်  မြို့မရုပ်ရှင် ကောလင်းမြို့၊ ဦးမျိုးမြင့် ဝယ်ယူ ထားသည့် ကြယ်တာရာ ရုပ်ရှင်ရုံ သထုံမြို့၊ ဦးမျိုးမင်း ဝယ်ယူထားသည့် စံပြ ရုပ်ရှင်ရုံ မြောင်းမြမြို့ ၊ ဦးအောင်ဝင်းခိုင် ဝယ်ယူထားသည့် စိန်မေတ္တာ ရုပ်ရှင်ရုံ သီပေါမြို့၊ ဦးစိုင်းတစ်အောင် ဝယ်ယူ ထားသည့် ခေမရဋ်ရုပ်ရှင်ရုံ ကျိုင်းတုံမြို့တို့ ဖြစ်သည်ဟု ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ပြန်ကြားရေးဝန်ကြီးဌာန(ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ယခင်မြန်မာ့ရုပ်ရှင်လုပ်ငန်း) ပိုင် ရုပ်ရှင်ရုံများမှ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အပြီး ရောင်းချခဲ့သည့် ရုပ်ရှင်ရုံများကို ပုဂ္ဂလိက လုပ်ငန်းရှင်သို့ လွှဲပြောင်းစာချုပ် နှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်၏ အမိန့်ကြော်ငြာစာများတွင် ပါရှိသည့် အောက်ပါ စည်းကမ်းချက်များ နှင့်အညီ ရောင်းချခဲ့သည်။

ထို စည်းကမ်းချက်မှာ ရုပ်ရှင်ပြသခြင်း မူလ လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ရမည်။ မူလ လုပ်ငန်းနှင့် ဆက်နွယ်သော အခြား လုပ်ငန်းများကိုလည်းကောင်း၊ မူလ လုပ်ငန်းတိုးတက်စေရန် အခြားစီးပွားရေး လုပ်ငန်းများကို လည်းကောင်း အများပြည်သူ အကျိုးငှာ လုပ်ကိုင်ခွင့်ရှိသည်။

သတ်မှတ်ထားသော စည်ကမ်းချက်များနှင့် အညီ လုပ်ငန်း ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပြီး စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ပါက ရုပ်ရှင်ရုံကို ပြန်လည် သိမ်းယူခြင်း ခံရမည် ဖြစ်သည်။

ထို့ကြောင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဝယ်ယူထားသည့် ရုပ်ရှင်ရုံများမှ ဘဏ်လုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်နေသည့် ရုပ်ရှင်ရုံများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ၂၀၁၅ခုနှစ် ဇူလိုင်လ ၁၄ရက်တွင် ပေးပို့သည့် အကြောင်းကြားစာတွင် ရှေ့လုပ်ငန်းစဉ် Proposal အား နှစ်လအတွင်း တင်ပြရန် နှင့် တင်ပြသည့် Proposal ကို ၂၀၁၆ခုနှစ် ဇန်နဝါရီ ၁ရက်တွင် စတင် အကောင်အထည်ဖော်ရန် အကြောင်းကြားခဲ့သည်။

သို့သော် လုပ်ငန်းရှင်များသည် Proposal တင်ရန် ပျက်ကွက်ခြင်း၊ စာချုပ်ပါ အချက်များကို လိုက်နာမှု မရှိခြင်းတို့ကြောင့် တရားလွှတ်တော် ရှေ့နေ ဦးလှချိုက ဦးစီးဌာန၏ လွှဲအပ် ညွှန်ကြားချက်အရ ယခုလ ၁၉ရက်တွင် သတိပေးစာပို့ကာ အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

ယင်းသတိပေးစာအရ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်၏ အမိန့်ကြော်ငြာစာတွင် ပါရှိသည့် စာချုပ်ပါ စည်းကမ်းချက်များကို လိုက်နာမှု မရှိသည့် ရုပ်ရှင်ရုံကို ပြန်လည် သိမ်းယူနိုင်ရေး အတွက် တည်ဆဲ တရားဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly