ဟိုမိန်းမှာ ဖမ်းမိတဲ့ လက်နက်တွေ တရုတ်နိုင်ငံလုပ် ဖြစ်ဖို့များ

24 November 2019
ဟိုမိန်းမှာ ဖမ်းမိတဲ့ လက်နက်တွေ တရုတ်နိုင်ငံလုပ် ဖြစ်ဖို့များ

ဒါက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၂ရက်နေ့က ဟိုမိန်းကျေးရွာနဲ့ အနီးတစ်ဝိုက်က နေရာသုံးခုမှာ FN-6 အမျိုးအစား လေယာဉ်ပစ်(ပခုံထမ်းဒုံး) အပါအဝင် အာပီဂျီတွေ၊ M-16, M-21 နဲ့ M-22 အမျိုးအစားလက်နက်တွေ သိမ်းဆည်းရမိပြီး နောက်တစ်ရက်အကြာမှာ အဲ့ဒီနေရာကို တပ်မတော်ဘက်က မီဒီယာတွေကို လိုက်လံပြသခဲ့တာပါ။

ဒါဟာ ဟိုမိန်းဒေသမှာ လှုပ်ရှားနေတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA ရဲ့ လက်နက်တွေဖြစ်တယ်လို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းမှူးက ပြောပါတယ်။

“ဟိုမိန်းကျေးရွာဘက်မှာတော့ လက်နက်ခဲယမ်း ဖမ်းဆီးရမိတဲ့အခါမှာ လက်နက်မျိုးစုံ ၁၇၀လက်နက်၊ ခဲယမ်းမျိုးစုံနဲ့ စစ်ပစ္စည်းမျိုး ၇၇အိတ် သိမ်းဆည်းရမိခဲ့ပါတယ်။ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဟိုမိန်းဒေသမှာ အခြေပြုပြီး လှုပ်ရှားနေတာကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေနဲ့ နယ်မြေရှင်းလင်းတဲ့အချိန်မှာ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်”- (ဗိုလ်ချုပ် အောင်ဇော်အေး၊ တိုင်းမှူး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်)

ဖမ်းဆီးရမိခဲ့တဲ့ လက်နက်တွေဟာ တရုတ်နိုင်ငံလုပ်လက်နက်များဖြစ်ကြောင်း တပ်မတော်နဲ့နီးစပ်တဲ့ စစ်ဘက်ရေးရာလေ့လာရေးအဖွဲ့ဖြစ်တဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့၊ တည်ထောင်သူ ဒေါက်တာနိုင်ဆွေဦးက သုံးသပ်ပါတယ်။

“ဘယ်ကလာလည်းဆိုတာတော့ လမ်းကြောင်းကောက်ဖို့တော့ နည်းနည်းတော့ ခက်နိုင်တယ်။ ဒါပေမယ့် အသစ်တွေဖြစ်နေတာတော့ သေချာတယ်။ ‘ဝ’ ဆီက လာတာလား၊ KIA ဆီက လာတာလား။ ကျွန်တော်တို့ မသိနိုင်ဘူး။ ဒါမှမဟုတ်လည်း တရုတ်ပြည်ထဲကပဲ လာတာလား။ သို့မဟုတ် တရုတ်နဲ့ တစ်ခြားနိုင်ငံ နယ်စပ်တွေမှာ ရှိတဲ့ တရားမဝင် လက်နက်စက်ရုံတွေကလာတာလား ဆိုတာကတော့ ဒါတော့ ခန့်မှန်းဖို့တော့ ခက်တယ်။ ဒါပေမယ့် ထူးခြားတာက FN-6 ဆိုတဲ့ လေယာဉ်ပစ် ပခုံးထမ်းက ဒါကတော့ သေချာတယ်ဗျ။ ဒါက တရုတ်ပြည်မှာရှိတဲ့ တရားမဝင် လက်နက်စက်ရုံကလာတာ ဖြစ်ဖို့ကတော့ များတယ်။ ဒါတွေခြုံပြီး ကြည့်လိုက်ရင်တော့ ဒါကတော့ တရုတ်နိုင်ငံထဲက ထွက်လာတာ ဖြစ်နိုင်ဖို့ ရာခိုင်နှုန်း တော်တော်များတယ်လို့ ယူဆပါတယ်”- ဒေါက်တာနိုင်ဆွေဦး၊ တည်ထောင်သူ၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့)

TNLA ဘက်က ပြန်ကြားရေးတာဝန်ခံဖြစ်တဲ့ ဗိုလ်မှူး မိုင်းအိုက််ကျော်ကတော့ ဒီလက်နက်တွေဟာ သူတို့လက်နက်တွေဖြစ်တယ်လို့ ဝန်ခံပါတယ်။ ဒါပေမယ့် အကုန်လုံးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်”

“လက်နက်ကတော့ ကျွန်တောတို့လက်နက်တော့ မှန်တယ်။ ဒါပေမယ့် သူတို့ပြောသလောက်ကတော့ မဟုတ်ဘူးလေ။ ပြန်စစ်ကြည့်တော့ ကျွန်တော်တို့လက်နက်က အလက် ၅၀ နီးပါးလောက်ပဲ ရှိတယ်”

TNLA ဦးဆောင်တဲ့ မြောက်ပိုင်းလက််နက်ကိုင်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ရက်နေ့ကလည်း ပြင်ဦးလွင်က တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် နေရာတစ်ချို့ကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly