IS တိုက်ဖျက်ရေးအဖွဲ့မှ ဂျက်လေယာဉ်များကို ရုပ်သိမ်းမည်ဟု ကနေဒါ၀န်ကြီးချုပ် ထရူးဒိုးက အိုဘားမားကို ပြော

IS တိုက်ဖျက်ရေးအဖွဲ့မှ ဂျက်လေယာဉ်များကို ရုပ်သိမ်းမည်ဟု ကနေဒါ၀န်ကြီးချုပ် ထရူးဒိုးက အိုဘားမားကို ပြော

အော့တဝါ၊ အောက်တိုဘာ -၂၁ ။        ။ အိုင်အက်စ် အကြမ်းဖက်အုပ်စုကို ဆန့်ကျင်တိုက်ဖျက်နေသော အမေရိကန်ခေါင်းဆောင်သည့် ညွှန့်ပေါင်းတပ်ဖွဲ့၏ အစိတ်အပိုင်းတစ်ရပ် အနေဖြင့်လေကြောင်း တိုက်ခိုက်မှုများတွင် ပါဝင်မှုကို ကနေဒါနိုင်ငံက အဆုံးသတ်တော့မည်ဟု အမေရိကန်သမ္မတ ဘားရက်အိုဘားမားကို အသိပေးပြီးဖြစ်ကြောင်း ခန့်အပ်ခံထားရသည့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး ကပြောကြားခဲ့သည်။

ကနေဒါ ဖက်ဒရယ်ရွေးကောက်ပွဲတွင် သိမ်းကြုံးအနိုင်ရပြီး နောက်တစ်နေ့ အော့တဝါတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အိုဘားမားနှင့် ဖုန်းပြောခဲ့ကြောင်း ထရူးဒိုးက ပြောကြားခဲ့သည်။ လက်ရှိ တွင်ကနေဒါမှာ ၎င်း၏ CF-18 ဂျက်တိုက်လေယာဉ်များဖြင့် အီရတ်နှင့် ဆီးရီးယားတွင် ဗုံးကြဲစစ်ဆင်ရေးကို ကူညီပေးနေသည်။

‘အိုင်အက်စ်တွေကို တိုက်ခိုက်ရာမှာ ကနေဒါရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးပါတယ်ဆိုတာကို နားလည်တဲ့ တာဝန်သိတဲ့ ပုံစံနဲ့ ဆက်လက်ပါဝင်နေဦးမှာဖြစ်ပေမယ့်လည်း စစ်ပွဲမစ်ရှင်ကို အဆုံး သတ်လိုက်ရတဲ့ ကျနော့ဆုံးဖြတ်ချက်ကိုလည်း အိုဘားမားက နားလည်ပါတယ်’’ဟု ထရူးဒိုးက သတင်းထောက်များကို ပြောကြားခဲ့သည်။ မည်သည့်အချိန်တွင် မည်မျှ မြန်မြန်ဆန်ဆန် ရုပ်သိမ်းမည်ကိုမူ ထရူးဒိုးက အတိအကျ ပြောကြားခြင်းမရှိပေ။

အေအက်ဖ်ပီ၏ သတင်းအရ ကနေဒါ တပ်ဖွဲ့ ၇၀မှာ အီရတ်မြောက်ပိုင်းတွင် စခန်းချ၍ ကာ့ဒ်သူပုန်များကို ကူညီလေ့ကျင့်ပေးလျှက်ရှိပြီး ထိုမစ်ရှင်ကို အဆုံးသတ်လိုသော ဆန္ဒ ရှိမရှိကိုမူ ထရူးဒိုးက တစွန်းတစ ဖော်ပြခြင်းမရှိပေ။

ကနေဒါမှာ ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်မှုဖြင့် နာမည်ဂုဏ်သတင်း ကြီးခဲ့သော်လည်း ထရူးဒိုးက သူ၏မဲဆွယ်ပွဲတစ်လျှောက်လုံးတွင် စစ်ရေးကို အသားပေး၍ သံတမန်ရေးနှင့် ငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ငန်းများကို ကန့်သတ်လိုက်သည့်အတွက် ယခု ရာထူးမှ ဆင်းပေးရတော့မည့် ကွန်ဆာဗေးတစ်ဝန်ကြီးချုပ် စတီဖင် ဟာပါးကို ဝေဖန်ခဲ့သည်။

အောက်တိုဘာ ၂၀ရက်နေ့က အော့တဝါစုဝေးပွဲတစ်ခုတွင် သူ၏သက်တမ်းအတွင်း နိုင်ငံခြားရေးမူဝါဒကို ပြောင်းလဲလိုသည့် ဆန္ဒရှိကြောင်း ထရူးဒိုးက ပြောကြားခဲ့သည်။ ‘ကနေဒါဟာ လွန်ခဲ့တဲ့ ၁၀နှစ် အတွင်းမှာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အသံပျောက်ဆုံးနေခဲ့တယ်။ ၃၅သန်းသော ကနေဒါနိုင်ငံသားတွေရဲ့ ကိုယ်စား ရိုးရှင်းတဲ့ သတင်းစကား ပါးလိုတာက ကျနော်တို့ ပြန်လာပြီ ဆိုတာပါပဲ’’ဟု ထရူးဒိုးကပြော ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags