ခရီးသွားလုပ်ငန်းများ အပေါင်ပစ္စည်းမပါဘဲ မြန်မာ့ခရီးသွားဘဏ်မှ ချေးငွေရယူနိုင်မည်

ခရီးသွားလုပ်ငန်းများ အပေါင်ပစ္စည်းမပါဘဲ မြန်မာ့ခရီးသွားဘဏ်မှ ချေးငွေရယူနိုင်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ။      ။ ခရီးသွားလုပ်ငန်းများအနေဖြင့် အပေါင်းပစ္စည်းမပါဘဲ မြန်မာ့ခရီးသွားဘဏ်မှ ချေးငွေရယူနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့၊လမ်းမတော်မြို့နယ်ရှိ Panda Hotel တွင် နိုဝင်ဘာလ ၂၃ရက်နေ့က ပြုလုပ်ခဲ့သည့် ချေးငွေ ဝန်ဆောင်မှုမိတ်ဆက်ခြင်းအခမ်းအနားမှ သိရသည်။

အဆိုပါချေးငွေရယူလိုသည့် ပြည်တွင်းခရီးသွားလုပ်ငန်းအဖွဲ့အစည်း၊ ကုမ္ပဏီများအနေဖြင့် အပေါင်ပစ္စည်း မလိုဘဲ Credit Guarentee INsurance(CGI) အာမခံစနစ်ကို မြန်မာ့အာမခံလုပ်ငန်းမှဝယ်ယူ၍ ချေးငွေ လျှောက်ထားနိုင်မည်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(UMTA)၏ အဖွဲ့ဝင်ဖြစ်ရန်လိုအပ်ပြီးအသင်း၏ ထောက်ခံ ချက်ရယူရန်လည်း လိုအပ်မည်ဖြစ်ကြောင်း အာမခံပစ္စည်းပြသနိုင်သည့်လုပ်ငန်းအမျိုးအစား ဖြစ်ပါက ထောက်ခံချက်ရယူရန် မလိုအပ်ကြောင်း သိရသည်။

"အဓိက လုပ်ငန်းကြီးကတော့ အပေါင်ပစ္စည်းပေးနိုင်တယ်။ လုပ်ငန်းငယ်တွေကတော့ ချေးငွေရဖို့ အခွင့်အရေး နည်းတယ်။ ယုံယုံကြည်ကြည်နဲ့ ပေးမဲ့သူနည်းတယ်။ ကျွန်တော်တို့ဘဏ်ကတော့ ဒီကဏ္ဍက လုပ်ငန်းရှင် တွေပါတဲ့အတွက် သူတို့ကို ယုံယုံကြည်ကြည်နဲ့ပေးမယ်ဆိုရင် SME သမားတွေတိုးတက်လာမယ်"ဟု အဆိုပါ ဘဏ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးရန်ဝင်းကဆိုသည်။

မြန်မာ့ခရီးသွားဘဏ်အနေဖြင့်အသင်းအဖွဲ့နှင့်ကဏ္ဍအလိုက် MSME ချေးငွေဝန်ဆောင်မှုကိုပထမဆုံး အကြိမ် စတင်ခြင်းဖြစ်ပြီး ဘဏ်အနေဖြင့်သတ်မှတ်ချက်များနှင့်ကိုက်ညီသော မည်သည့်လုပ်ငန်းရှင်ကိုမဆိုတစ်ဦးလျှင် ကျပ်သိန်း၂၀၀မှ စတင်ချေးပေးသွားမည်ဖြစ်ကြောင်း ပြန်ဆပ်ကာလကို၂နှစ်သတ်မှတ်ထားကြောင်း သိရသည်။

အပေါင်ပစ္စည်းပြနိုင်ပါက တစ်နှစ်လျှင်အတိုးနှုန်း (၁၃)ရာခိုင်နှုန်းပေးဆောင်ရမည်ြဖစ်ပြီး၊ အာမခံပစ္စည်း မလိုသည့် CGI SME ချေးငွေအတွက် အတိုးနှုန်းကို (၁၆)ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ UMTAအသင်းနှင့်ပတ်သက်သောချေးငွေ ဝန်ဆောင်မှုအတွက် စုစုပေါင်းငွေပမာဏကို ကျပ်သိန်းရ၀၀၀ လျာထားပြီး လိုအပ်ပါက ထပ်မံဖြည့်တင်း၍ ဝန်ဆောင်မှုပေးသွားရန်ရှိကြောင်း ဦးရန်ဝင်းက ဆိုသည်။

မြန်မာ့ခရီးသွားဘဏ်အနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် လက်အောက်တွင် အသင်းပေါင်း ၁၁သင်း ရှိသည့်အနက်မှ ကနဦးအနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတွင်ရှိသည့်SME လုပ်ငန်း များကို စတင်ထုတ်ချေးပေးခြင်း ဖြစ်သည်။ နောက်ပိုင်းကာလများတွင် ကျန်ရှိနေသည့် အခြားအသင်းအဖွဲ့များမှ  SME လုပ်ငန်းတွေကို ထပ်မံ၍ချေးငွေ ချပေးသွားမည်ဖြစ်သည်။

မြန်မာခရီးသွားလုပ်ငန်းများ၏ ၉၀ရာခိုင်နှုန်းမှာ အသေးစား နှင့်အလတ်စား(SME)လုပ်ငန်း များဖြစ်ပြီး၊ ယခင်က  ပြည်တွင်းခရီးသွားလုပ်ငန်းငယ်များအနေဖြင့် အာမခံအပေါင်ပစ္စည်းမပြသနိုင်ခြင်းကြောင့် ချေးငွေရရှိရန် အခက်အခဲရှိခဲ့သည်။

" ကျွန်မတို့ ကြိုးစားနေတာကြာပါပြီ။ ဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့အတွက် လက်ဆုပ်လက်ကိုင်ပစ္စည်းမပြနိုင်ဘူး။ အဲတွက်ကြောင့်မို့ ဘဏ်တွေက ချေးငွေထုတ်ပေးတာမျိုး တော်တော်လေးနည်းခဲ့ပါတယ်။ ဒီလိုချေးငွေရတော့ အလုပ်တွေပိုလုပ်နိုင်လာမယ်" ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဒေါ်သဇင်ပီချစ်က ဆိုသည်။

လက်ရှိတွင်  မြန်မာ့ခရီးသွားလုပ်ငန်းဘဏ်အနြေဖင့်ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်တို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်ထားပြီး ထပ်မံ၍ ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးသည့်နေရာဒေသများတွင် ဘဏ်ခွဲပေါင်း ၁၀ခုအထိ တိုးချဲ့ဖွင့်လှစ်သွားရန် ပြင်ဆင်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly