ဆလုံတိုင်းရင်းသားများ နေထိုင်သည့် ကျွန်းများ၌ ကျန်းမာရေးဝန်ထမ်းများ မရှိ၍ ဒေသခံများ အခက်အခဲရှိနေ

ဆလုံတိုင်းရင်းသားများ နေထိုင်သည့် ကျွန်းများ၌ ကျန်းမာရေးဝန်ထမ်းများ မရှိ၍ ဒေသခံများ အခက်အခဲရှိနေ

မြိတ်၊ နိုဝင်ဘာလ ၂၃ ။        ။ မြိတ်ကျွန်းစု အတွင်း လူဦးရေ ၁၇၀၀ ခန့်သာကျန်ရှိတော့သည့် မော်ကင်း (ခ) ဆလုံတိုင်းရင်းသားများ နေထိုင်သော ကျွန်းများတွင် ကျန်းမာရေးဝန်ထမ်းများ မရှိ၍ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲ များ ကြုံတွေ့ နေရကြောင်း သိရသည်။

မော်ကင်း (ခ) ဆလုံ တိုင်းရင်းသားများသည် တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင်ရှိ ကျွန်း ၁၀ ကျွန်းတွင် အများဆုံနေထိုင်ပြီး အဆိုပါဒေသတွင် ကျန်မာရေးဝန်ထမ်းများလည်း ချထားပေးခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

 “ကျွန်မတို့ရွာမှာ အစိုးရက ချပေးထားတဲ့ ကျန်းမာရေး ဆေးခန်း မရှိဘူး။ အသက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အတွက် အရမ်း အခက်အခဲ ဖြစ်နေတယ်။ ကျန်းမာရေး တစ်ခုခု ဖြစ်ပွားရင် မြို့ကို စက်လှေနဲ့ အချိန် ၃ နာရီမှ ၆ နာရီ အထိ အချိန်ပေးပြီး သွားလာနေရလို့ တချို့ဆိုရင် လမ်းခရီးမှာ မသေသင့်ဘဲသေရတာ ဖြစ်စဉ်တွေ ရှိနေတယ်”ဟု ဘုတ်ပြင်းမြို့နယ် လငန်းကျေးရွာနေ ဆလုံတိုင်းရင်းသူ ဒေါ်မော်ငိုင်းက ပြောသည်။

မော်ကင်း (ခ) ဆလုံတိုင်းရင်းသားများမှာ ကျွန်းပေါ်နှင့် လှေပေါ်တွင် နေထိုင်သော လူမျိုးများ ဖြစ်ပြီး ကျန်မာရေး ချို့ယွှင်းမှု ဖြစ်ပွားပါက မိရိုးဖလာဆေးမြှီးတိုနည်းဖြင့်သာ ကုသနေရ၍ သေဆုံးသည့် အထိ ရှိနေကြောင်း သိရ သည်။

“ရွာမှာက ဆလုံတွေ နေမကောင်း ဖြစ်ရင် စျေးဆိုင်က ရောင်းတဲ့ သောက်ဆေးတွေ ဝယ်သောက် တယ်။ ဆေးပေးခန်း မရှိတော့ အဲ့လိုပဲ လုပ်တယ်။ မြို့ပေါ်လည်း မတက်နိုင်ဘူး။ ပိုက်ဆံ မရှိဘူး”ဟု လငန်းကျေးရွာမှ ဆလုံ တိုင်းရင်းသူ ဒေါ်ပါတီးက ပြောသည်။

ထို့အပြင် အဆိုပါဒေသ၌ နာမကျန်း ဖြစ်ပွားပါက မြို့ပေါ်သို့ သွားရောက် ဆေးကုသရန် လှေကြုံကို စောင့်ဆိုင်းကြရကြောင်း အစိုးရမှ ကျန်မာရေးဝန်ထမ်းများ ချထားပေးရန် လိုလာနေကြောင်း ဒေသခံ မော်ကင်း (ခ) ဆလုံတိုင်းရင်းများက ပြောဆိုနေကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly