ပြည်သူများစားဝတ်နေရေးပြေလည်အောင် ဖြေရှင်းပေးမည်ဟု UBP ပါတီတာဝန်ရှိသူပြော

ပြည်သူများစားဝတ်နေရေးပြေလည်အောင် ဖြေရှင်းပေးမည်ဟု UBP ပါတီတာဝန်ရှိသူပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ။            ။ ပြည်သူများစားဝတ်နေရေးပြေလည်အောင် အဓိကထားဖြေရှင်းပေးမည်ဟု သူရဦးရွှေမန်း ဦးဆောင် သော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ပါတီ၏ ရန်ကုန်တိုင်း ဒုစည်းရုံးရေးခေါင်းဆောင် ဖြစ်သူ ဒေါ်စုစုလှိုင်ကပြောဆိုလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်တွင် နိုဝင်ဘာလ ၂၃ရက်က ပြုလုပ်ခဲ့သည့် UBP ပါတီ၏ SME အဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဆွေးနွေးပွဲတွင်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ပါတီက ပြည်သူတွေစားဝတ်နေရေးအဓိကပြေလည်ဖို့ပေါ့။ အခက်အခဲရှိနေတဲ့ စီးပွားရေး ကိုပြန်လည်ဦးမော့ဖို့ ဒါကိုဦးတည်ပါတယ်”ဟု ဒေါ်စုစုလှိုင်က ပြောသည်။

သို့သော်လည်း ပါတီတစ်ခု လုပ်ငန်းဆောင်ရွက်မည်ဆိုပါက ကိစ္စတစ်ခုတည်းကိုသာ လုပ်ဆောင်၍ မရဘဲ တစ်နိုင်ငံလုံးလွှမ်းခြုံစေရန်လုပ် ဆောင်ရသည်ဟုလည်း ၎င်းက ဆိုသည်။

“ဒါပေမယ့် လက်ရှိပြည်သူတွေကြားမှာကြားနေရတာတော့ စီးပွားရေးပြဿနာပေါ့နော်။ အသက် ရှင်သန်ဖို့တောင်ခက်ခဲနေတဲ့ အနေအထား တွေရှိလာတဲ့အတွက် ကျွန်မတို့ဒါတွေကို အဓိက ဖြေရှင်းပါမယ်”ဟု ရန်ကုန်တိုင်း ဒုစည်းရုံးရေးခေါင်းဆောင်ဖြစ်သူ ဒေါ်စုစုလှိုင်က ပြောသည်။

ထို့ကြောင့် နိုင်ငံအတွင်း လုပ်ငန်းများအားလုံး၏ ၉၀ ရာခိုင်နှုန်းအထိရှိနေသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးရန် ပါတီအနေဖြင့် SME အဖွဲ့ကို ဖွဲ့စည်းရန် လုပ်ဆောင်ရခြင်းဟုလည်း ဆိုသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် စတင်တည်ထောင်ခဲ့သည့်အချိန်မှ စတင်ကာ လက်ရှိ အချိန်အထိ ၇ လခန့်သက်တမ်းရှိနေပြီး ပါတီဝင် အင်အား မှာ တစ်သိန်းကျော် ရှိလာပြီဟုလည်း သိရသည်။

ထို့အပြင် လာမည့် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးအားလုံး၌ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန် ၂၀ ရက်က မန္တလေးမြို့တွင် ပြုလုပ်သည့် ပါတီဝင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားထားသည်။

တပ်မတော်သားဟောင်းတစ်ဦးဖြစ်သူ သူရဦးရွှေမန်းသည် ပြည်သူလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌအနေဖြင့်တာဝန်ယူခဲ့ကာ လက်ရှိတွင် ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီကို ဦးဆောင်နေသူလည်းဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly