သဲဖြူကုန်း မြေပြိုမှု အကြောင်းရင်းမှန်ကို စုံစမ်းပေးရန် လွှတ်တော်တွင် တောင်းဆို

သဲဖြူကုန်း မြေပြိုမှု အကြောင်းရင်းမှန်ကို စုံစမ်းပေးရန် လွှတ်တော်တွင် တောင်းဆို
ဓာတ်ပုံ - AFP

နေပြည်တော်၊ နိုဝင်ဘာ ၂၂ ။       ။ မွန်ပြည်နယ်၊  ပေါင်မြို့နယ်ထဲမှ သဲဖြူကုန်း၊ မလတ်တောင် မြေပြိုမှု ဖြစ်စဉ်နှင့် ပတ်သက်၍ အမှန်တရား ပေါ်ပေါက်သည်အထိ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးအရေးယူပေးရန် နိုဝင်ဘာ ၂၂ရက်နေ့က ကျင်းပသည့်  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပေါင်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်  ဒေါ်မိကွန်ချမ်းက တောင်းဆိုခဲ့သည်။

“ပေါင်မြို့နယ် သဲဖြူကုန်းမြေပြိုမှုမှာ ဖြစ်ရတဲ့အကြောင်းအရင်းကိုသိရှိလို၍ သဘာ၀ ကြောင့် မြေပြိုမှုဖြစ်တာလား ၊ လူတွေကြောင့် မြေပြိုမှုဖြစ်တာလား အကြောင်းအရင်းမှန်ကို သိရှိလို၍ မေးမြန်းရခြင်းဖြစ်ပါတယ်” ဟု ဒေါ်မိကွန်ချမ်းက လွှတ်တော်တွင် ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့ နံနက်အစောပိုင်းက ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ အနီးရှိ မလတ်တောင် တောင်ပြိုမှုကြောင့် အပြစ်မဲ့ပြည်သူ ၇၂ဦးသေဆုံးခဲ့ပြီး ၂၈ ဦးပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ထို့ပြင် အိမ်ထောင်စု ၂၇စုနှင့် ခရီးသွားပြည်သူများ၏ ပစ္စည်းဥစ္စာများစွာ ဆုံးရှုံခဲ့ကြောင်းသိရသည်။

“ ဖြစ်စဉ်မှာ ပတ်ဝန်းကျင် ရဲ့ ပြောကြားချက်ရော မြေပြိုမှုမှာ အသက်ရှင် ကျန်ရစ်ခဲ့သူတွေရဲ့ ပြောကြားချက် အရဆိုရင် ယခုမြေပြို မှုသည် မူလ တောင်ခြေမှာ ကိုယ်ကျိုးစီးပွားရှာ လုပ်ငန်း ရှင်များရဲ့ မြေကြီးကို တူးပြီး ခြံကွက် တူးဖော်တိုးချဲ့တဲ့အတွက်ကြောင့် တောင်၏ အောက်ခြေကို ဟန်ချက် ပျက်ပြီး အပေါ်က အထိန်းအကွပ်မရှိပဲ အပေါ်က မိုးကြီးတဲ့ အချိန်မှာ ပြိုကျခဲ့ခြင်း ဖြစ်တယ်လို့ ကြားသိခဲ့ရပါတယ်”ဟု ဒေါ်မိကွန်ချမ်းက ပြောသည်။

အဆိုပါ ပြိုကျခဲ့သော တောင်သည် ကုလားမတောင်တန်း၏အဆက်ဖြစ်ပြီး သက်နုတောင် အမျိုးအစားဖြစ်သည့်အတွက် မြေတူးဖော်ခြင်း၊ ကျောက်မိုင်းခွဲခြင်းများကို ပညာရှင်များက ခွင့်ပြုထားခြင်းမရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

အထက်ပါ မြေပြိုကျမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ တင်ပြချက်များအရ သဘာဝဘေးအန္တရာယ်ကြောင့်အဓိက ဖြစ်ပြီး လူ့ပယောဂ ပတ်သက်မှုသည် အနည်းငယ်သာ ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လွှတ်တော်တွင် ပြန်လည်ပြောကြားသည်။

မြေပြိုကျမှုဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းမှာ  မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ပြတ်ရွေ့အက်ကြောင်းများအတွင်းရေဝင်ခြင်း၊ တောင်စောင်းအငိုက်ထောင့်များခြင်း၊ အပေါ်ပိုင်းတွင် မာပြီး ထူသည့်သဲကျောက်များကို အောက်မှ ထမ်းထားရသည့် ရွှံ့ကျောက်၊ ယှေလကျောက်နှင့် သဲမှုန် ကျောက်များက  မြေအောင်းရေနှင့် ရာသီဥတုဒဏ်ကို ခံထားရသည့်အတွက်  ဆက်လက် မထမ်းထားနိုင်ခြင်း တို့ကြောင့်ဖြစ်သည်ဟု ဒုတိယဝန်ကြီးက ရှင်းပြသည်။

မြေအောင်းရေ အလွန်အကျွံများပြားနေပြီး မြေပြိုကျမှုတွင် ရေအားနှင့် တွန်းသကဲ့သို့ အဝေးသို့ ရောက်ရှိ ဖုံးလွှမ်းသွားခြင်းဖြစ်သည်ဟု ဝန်ကြီး၏ ပြောကြားချက်တွင် ပါဝင်သည်။
လူ့ပယောဂကြောင့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးချက်အရ Highway King စားသောက်ဆိုင်သည် မြေပြိုမှု ဖြစ်ပွားခဲ့သည့် တောင်ခြေအနီးတွင် တည်ရှိပြီး အဆိုပါ စားသောက်ဆိုင်၏ အနောက်ဘက်တွင် စားသောက်ဆိုင်ခန်းမ သီးသန့်ဆောင် ဆောက်လုပ်ရန် မြေညှိခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း၊ သဘောဝရေစီးကြောင်းကို ကျောက်တုံးများနှင့် အဆင့်များခံ၍ ရေတံခွန် ပုံစံပြုလုပ်ခဲ့ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လွှတ်တော်သို့ ဆက်လက်ရှင်းပြသည်။

ပြီးခဲ့သည့် ဇွန်လမှ  သြဂုတ်လအတွင်း မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများအပြင် အိမ်ထောင်စုပေါင်း တစ်သိန်းနီးပါး ရေဘေးသင့်ခဲ့ပြီး ရေဘေးရှောင်နေရာ ၁၃၆ခုနှင့်  လူဦးရေ လေးသောင်းကျော် ရေဘေးသင့်ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly