နိုဝင်ဘာ ၂၂၊ ရန်ကုန် ။ ။ ငြိမ်းစုစီဖြင့် အမှုဖွင့်ခံထားရသည့် Natural Garment စက်ရုံ အလုပ်သမားခေါင်းဆောင်များနှင့် အလုပ်သမားအခွင့်အရေး ဆောင်ရွက်သူတစ်ဦးတို့ကို လာမည့် ဒီဇင်ဘာ ၃ရက်တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း အလုပ်သမားများထံက သိရသည်။
စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်သမားများ နစ်နာမှုအတွက် နစ်နာကြေးပေးချေရန် နိုဝင်ဘာလ ၈ ရက် နှင့် ၉ ရက်နေ့ များတွင် စက်ရုံအလုပ်သမား ၅၀၀ ကျော်မှ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မှ ကူညီကြားဝင်ဖြေရှင်းပေး ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး သို့ လာရောက်တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
အမှုဖွင့် ခံရသော စက်ရုံအလုပ်သမားခေါင်းဆောင် လေး ဦး ဖြစ်သည့် မသန္တာဖြိုး၊ ကိုချစ်နန်းမောင်၊ ကိုပြည့်စုံအောင်၊ ကိုကျော်မျိုးထိုက် နဲ့ အလုပ်သမား အခွင့်အရေးလှုပ်ရှားသူအဖွဲ့ (Action Labor Rights) မှ စည်းရုံးရေးမှူး မမိုးစန္ဒာမြင့် တို့အား ဒဂုံမြို့နယ် မြို့နယ်ရဲစခန်းမှူး မှ တရားလိုပြုလုပ်၍ ဒဂုံမြို့နယ် တရားရုံးတွင် ငြိမ်း၊စု၊စီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အဆိုပါ စွပ်စွဲခံရသူ ငါး ဦး အနေဖြင့် တစ်ဦးလျှင် ကျပ်ငါးသိန်းဖြင့် ဒဂုံမြို့နယ် ရဲစခန်းတွင် ခံဝန်ပြုလုပ်ခဲ့ရသည် ဟု အလုပ်သမားများထံက သိရသည်။
“ကျွန်မတို့က ဆန္ဒပြဖို့ သပိတ်မှောက်ဖို့ ဝန်ကြီးချုပ်ရုံးကို လာတာမဟုတ်ဘူး။ အလုပ်ရှင် ဥပဒေချိုးဖောက်နေတဲ့ အပေါ်မှာ အလုပ်သမားတွေ နစ်နာနေတဲ့ အပေါ် အလုပ်သမားရုံးတွေ အနေနဲ့ ဖြေရှင်းဆောင်ရွက်မှုက ကြီးကြပ်မှုအားနည်းတဲ့ အတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိမယ်ထင်တဲ့ ဒီမိုကရေစီ အစိုးရအပေါ် ကူညီဖြေရှင်းပေးဖို့ လာရောက်အကူအညီတောင်းရခြင်း ဖြစ်တယ်။ ဒါကို ရဲက လူစုလူဝေးလာပါတယ်ဆိုပြီး တရားစွဲတယ်။ ဒီမိုကရေစီ အစိုးရတစ်ရပ်အနေနဲ့ ဒီလိုမျိုးမတရားသဖြင့် တရားစွဲခံရတဲ့ အလုပ်သမားတွေ အပေါ်ကို အစိုးရအနေနဲ့ တရားစွဲတာ မှန်လား မှားလားဆိုတာကို အစိုးရကို စဉ်းစားစေချင်တယ်။” ဟု အလုပ်သမား အခွင့်အရေးလှုပ်ရှားသူအဖွဲ့ (Action Labor Rights) မှ စည်းရုံးရေးမှူး မမိုးစန္ဒာမြင့် မှ ပြောသည်။
Natural Garment စက်ရုံ အလုပ်သမားများ အနေနဲ့ စက်ရုံတွင်း အလုပ်သမားဥပဒေ နှင့် အခွင့်အရေးအား လေးစားလိုက်နာမှု မရှိခြင်း၊ အချိန်ပိုလုပ်အဓမ္မလုပ်အားခိုင်းစေခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခြင်း၊ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်း စတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် ယခုနှစ် ဇူလိုင်လမှ စတင်ကာ တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး သြဂုတ်လ ၂ရက်နေ့တွင် ပထမအကြိမ်၊ စက်တင်ဘာ ၁၃ရက်နေ့တွင် ဒုတိယအကြိမ် အဖြစ် ကျွန်းတောလမ်း နှင့် နာနတ်တောလမ်းထောင့် တို့တွင် တောင်းဆိုမှု အချက် ၂၃ ချက်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် စက်ရုံအလုပ်သမားပေါင်း ၂၆၀၀ ခန့်မှ စက်ရုံအရှေ့မှ အလုပ်သမားဆက်ဆံရေးရုံးရှေ့အထိလမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြသေးသည်။
“ဒီလို အမှုဖွင့်အရေးယူလိုက်ခြင်းအားဖြင့် နောက်လူတွေ မလုပ်ရဲအောင် လုပ်တာ၊ အဲ့တော့ အလုပ်သမားတွေရဲ့အောက်မှာ ခံစားနေရတဲ့ စစ်မှန်တဲ့ အသံတွေ ကို ပိတ်သွားအောင်လုပ်တယ်လို့ ကျွန်မက ယူဆတယ်။ နောက်တစ်ချက်က တကယ်ဘဲ ဒီမိုကရေစီ အစိုးရဖြစ်ပြီးတော့ မတရားသဖြင့်ရဲက စွဲတဲ့အမှုကို အတည်ပြု အရေးယူဆောင်ရွက်တဲ့အပေါ်မှာ မှန်လား မှားလား ဆိုတာကိုလည်း ကျွန်မက စဉ်းစားစေချင်တယ်။ အခုလို ပုဒ်မ ၁၉ ငြိမ်း၊စု၊စီ နဲ့ မတရားသဖြင့်စွဲလိုက်တာက အောက်ခြေက အလုပ်သမားတွေရဲ့ စစ်မှန်တဲ့ အသံတွေ တိတ်သွားမယ်လို့ မျှော်လင့်ကောင်း မျှော်လင့်လိမ့်မယ် ဒါပေမယ့် ဆိုးရွားတဲ့ အသံပေါင်းစုံတွေ တက်လာလိမ့်မယ်” ဟု မမိုးစန္ဒာမြင့်က ထပ်မံပြောကြားသည်။
အမှုဖွင့် ခံထားရသူများ၏ ပထမဆုံးအကြိမ် ရုံးချိန်းအား ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဒဂုံမြို့နယ် တရားရုံး၌ တရားလို နှင့် တရားလိုပြ သက်သေ ၇ ဦးတို့ကို စတင်စစ်ဆေးသွားမသည်ဟု သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/