အရှေ့တောင်အာရှတွင် လူကုန်ကူးမှုများပြန်လည်ဖြစ်ပေါ်လိမ့်မည်ဟု AI သတိပေး

အရှေ့တောင်အာရှတွင် လူကုန်ကူးမှုများပြန်လည်ဖြစ်ပေါ်လိမ့်မည်ဟု AI သတိပေး

ဘန်ကောက်၊ အောက်တိုဘာ ၂၁ ။           ။ ဒေသတွင်းနှိမ်နင်းမှုရှိသော်လည်း လူကုန်ကူးသူများသည် ၎င်းတို့၏ လူမဆန်သော လုပ်ငန်းကို   ပြန်လည်လုပ်ကိုင်ကြလိမ့်မည်ဟု   နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)က အောက်တိုဘာ ၂၁တွင် သတိပေးလိုက်သည်။

လူကုန်ကူးဂိုဏ်းခေါင်းဆောင်များလက်တွင် ရွှေ့ပြောင်းအခြေချသူများ ခံစားနေရသည့် ဆိုးဝါးလှသည့် အနိုင်ကျင့်ခံရမှု အသေးစိတ်အခြေအနေများကို AI က ပြောကြားသည်။

လူကုန်ကူးဂိုဏ်းများက ထိန်းချုပ်ထားသည့် ဝင်ငွေကောင်းသည့် ကုန်ကူးမှုတစ်ခုအဖြစ် မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာဆိုသူများနှင့် ဘင်္ဂလားဒေ့ရှ်မှ စီးပွားရေးအရရွှေ့ပြောင်းအခြေချသူ ထောင်ပေါင်းများစွာသည် အန်ဒမန်ပင်လယ်ကို ဖြတ်ကာ အများအားဖြင့် မလေးရှားသို့ ထွက်ခွာခဲ့ကြသည်။

ပင်လယ်ဖြတ်သန်းမှုများမှာ အန္တရာယ်များသည့် နွေမုတ်သုန်ရာသီအတွင်း ရပ်နားထားလေ့ရှိသည်။ ယခုနှစ်အစောပိုင်းက ထိုင်းနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများ နှိမ်နင်းခံရမှုကြောင့် လူကုန်ကူးမှုများ ကစဉ့်ကလျားဖြစ်သွားခဲ့သော်လည်း အောက်တိုဘာတွင် လူကုန်ကူးမှုများ ပြန်လည်ပြုလုပ်လာနိုင်သည်။

သို့သော်လည်း လူကုန်ကူးမှုအကျပ်အတည်းကို ကိုင်တွယ်ရန် ဒေသတွင်းအစိုရများက ကတိပေးကာ နှိမ်နင်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း လူကုန်ကူးဂိုဏ်းကွန်ရက်များကို ဖြိုခွင်းနိုင်ခြင်းမရှိသေးသည့်အပြင် လူများကိုလည်း ပင်လယ်ဖြတ်သန်းမှုမပြုလုပ်ရေး စည်းရုံးနိုင်ခြင်းမရှိသေးဟု AI ကပြောသည်။

" အစိုးရတွေက အဆောတလျင် အရေးယူဆောင်ရွက်မှုမရှိရင် အန်ဒမန်ပင်လယ်မှာ ဖြစ်လာမဲ့ နောက်ထပ်ကပ်ဘေးတစ်ခုရှိပါသေးတယ် " ဟု AIမှ ဒုက္ခသည်သုတေသီ အန်နာရှီးက အေအက်ဖ်ပီသို့ ပြောသည်။

"လာမဲ့လတွေအတွင်း ထောင်ပေါင်းများစွာရှိတဲ့လူတွေဟာ ပင်လယ်ဖြတ်မဲ့ လှေတွေထဲရောက်ပါလိမ့်မယ်။ အခုထိ ဒေသဆိုင်ရာကာကွယ်ရေးယန္တရားတွေ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဟာ လုံလုံလောက်လောက်မရှိသေးပါ ဘူး"ဟု ၎င်းကဆိုသည်။

အရှေ့တောင်အာရှနိုင်ငံများသည် လူကုန်ကူးမှုပြုလုပ်နေသူများကို မသိမမြင်ချင်ရောင်ဆောင်နေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ထို့အပြင် တရားဝင်ပတ်သက်နေမှုများပင် ရှိနေသည်ဟုလည်း စွပ်စွဲလေ့ရှိသည်။

မေလက ထိုင်းက နှိမ်နင်းမှုကြောင့် လူကုန်ကူးသူများသည် ရွှေ့ပြောင်းအခြေချသူထောင်ပေါင်းများစွာကို ပင်လယ်ထဲတွင်လည်းကောင်း၊ ထိုင်း-မလေးရှား နှစ်ဖက်စလုံးရှိ သစ်တောများထဲမှ စခန်းများတွင် လည်းကောင်းစွန့်ပစ်ခဲ့ကြရာ ပြသနာဖြေရှင်းရေး အရှေ့တောင်နိုင်ငံများက အစည်းအဝေးထိုင်ခဲ့ကြသည်။

မသေဘဲရှင်သန်ခဲ့သည့် လူကုန်ကူးခံရသူများက လှေများပေါ်နှင့် သစ်တောထဲရှိစခန်းများတွင် ကြုံတွေ့ရသည့် ကြောက်မက်ဖွယ်အတွေ့အကြံများကို ပြန်လည်ပြောပြခဲ့ကြပြီး ယင်းနေရာများတွင် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုနှင့် ရိုက်နှက်မှုများမှာ ပုံမှန်ဖြစ်ပွားလေ့ရှိသည်ဆိုသည်။

လူကုန်ကူးသူများက ရွှေ့ပြောင်းအခြေချသူများအပေါ်ပြုကျင့်မှုများမှာ ငရဲတမျှဆိုးဝါးလှသည်ဟု ရှင်သန်သူဒါဇင်ပေါင်းများစွာကို တွေ့ဆုံမေးမြန်းမှုများအား အခြေခံသည့် AI ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly