အင်ဒိုနီးရှားတွင် ကလေးများ စမတ်ဖုန်းအသုံးပြုမှု လျော့ကျစေရန် ကြက်ကလေးများမွေးခိုင်း

အင်ဒိုနီးရှားတွင် ကလေးများ စမတ်ဖုန်းအသုံးပြုမှု လျော့ကျစေရန် ကြက်ကလေးများမွေးခိုင်း

ဘန်ဒွန်း၊ နိုဝင်ဘာ ၂၂ ။         ? အင်ဒိုနီးရှားနိုင်ငံရှိ ဘန်ဒွန်းမြို့တွင် ကလေးများကို ကြက်ပေါက်လေးများမွေးခိုင်းခြင်းဖြင့် စမတ်ဖုန်းအသုံးပြုမှု လျော့ကျစေမည့် အစီအစဉ်တစ်ခုလုပ်နေကြောင်း AFP သတင်းအရသိရသည်။

လေးရက်သားအရွယ်ကြက်ပေါက်အကောင်ရေ ၂၀၀၀ ခန့်ကို လာမည့်အပတ်များတွင် ဘန်ဒွန်းမြို့ရှိ မူလတန်း ကျောင်းနှင့် အလယ်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများထံ ပေးအပ်မည်ဖြစ်သည်။

ကျောင်းသားကျောင်းသူများသည် အတန်းမစမီနှင့် အတန်းပြီးချိန်များတွင် ကြက်ပေါက်လေးများကို အစာကျွေးရ မည်ဖြစ်ပြီး အိမ် သို့မဟုတ် အိမ်နောက်ဖေးနေရာမရှိပါက ကျောင်းဥပစာအတွင်းတွင် မွေးမြူကြရမည်ဖြစ်သည်။ ဂျကာတာမြို့အရှေ့တောင်ဘက် ၉၅ မိုင်ခန့်အကွာရှိ ဘန်ဒွန်းမြို့မှ အာဏာပိုင်များက အကောင်အထည် ဖော်ခဲ့သည့် အဆိုပါ ကြက်မွေးမြူရေးစီမံကိန်း၏ ဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲကို နိုဝင်ဘာ ၂၁ ရက်နေ့က ကျင်းပခဲ့ပြီး ကျေးဇူးပြု၍စောင့်ရှောက်ပေးပါ ဟု စာတန်းကပ်ထားသည့်လှောင်အိမ်လေးများနှင့် ကြက်ပေါက်တစ်ဒါဇင် ပေးအပ်ခဲ့သည်။

ဒီစီမံကိန်းက ကျောင်းနေအရွယ်ကလေးတွေရဲ့ ဖုန်းသုံးတဲ့အကျင့်ကို ကန့်သတ်ရုံတင်မဟုတ်ပါဘူး။ သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ကျောင်းသားကျောင်းသူတွေ ပညာရေးတိုးတက်စေဖို့ဆိုတဲ့ အမျိုးသားရေးစီမံကိန်းရဲ့ တစ်စိတ် တစ်ပိုင်းလည်းဖြစ်ပါတယ် ဟု မြို့တော်ဝန် အိုဒက်မူဟာမက် ကပြောသည်။

ကြက်ကလေးများမွေးမြူမည့်အစီအစဉ်ကို စိတ်အားထက်သန်နေသည့် ကျောင်းသားမိခင်တစ်ဦးမှလည်း ယခုအစီအစဉ်ကြောင့် ၎င်း၏သားသည် မွေးမြူရေးသမားဖြစ်လာနိုင်ကြောင်း၊ စမတ်ဖုန်းနှင့်ဆော့ခြင်းထက် ကြက်အကောင်ပေါက်ကလေးများကို ဂရုစိုက်မွေးမြူခြင်းက သူတို့အတွက် ပိုအကျိုးရှိကြောင်း ပြောခဲ့သည်။  ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly