ထရမ့်၏လုပ်ဆောင်ချက်များသည် သမ္မတဟောင်း နစ်ခ်ဆင်ထက်ပိုဆိုးကြောင်း လွှတ်တော်စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌပြော

ထရမ့်၏လုပ်ဆောင်ချက်များသည် သမ္မတဟောင်း နစ်ခ်ဆင်ထက်ပိုဆိုးကြောင်း လွှတ်တော်စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌပြော

ဝါရှင်တန်၊ နိုဝင်ဘာ ၂၂ ။             ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်လာနိုင်မည့် ဂျိုးဘိုင်ဒင် အပေါ်စုံစမ်းပေးရေးကို ယူကရိန်းအတွက် စစ်ရေးအကူအညီနှင့် အပေးအယူလုပ်ခြင်းသည် သမ္မတဟောင်း ရစ်ချက်နစ်ခ်ဆင်နုတ်ထွက်ပေးခဲ့ရသည့် ဝါးတားဂိတ်အရှုပ်တော်ပုံထက် ဆိုးရွားနေကြောင်း ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ အဒမ်ရှစ်ဖ် က နိုဝင်ဘာ ၂၁ ရက်နေ့က စွပ်စွဲလိုက်သည်။

၁၉၇၂ ခုနှစ် သမ္မတ ရစ်ချက်နစ်ခ်ဆင်လက်ထက်က ဝါရှင်တန်ရှိ ဒီမိုကရက်တစ်နေရှင်နယ်ကော်မတီ၏ ရုံးချုပ် အဆောက်အအုံဖြစ်သည့် ဝါးတားဂိတ်ကို ဖောက်ထွင်းခဲ့သည့် လူ ၅ ဦးကိုပေးသောပိုက်ဆံများသည် သမ္မတ ပြန်လည်အရွေးခံရသည့်ကော်မတီ၏ရန်ပုံငွေများနှင့် ဆက်စပ်နေကြောင်း FBI ကတွေ့ရှိခဲ့ရာမှ နောက် ၂ နှစ်အကြာတွင် နစ်ခ်ဆင်သည် သမ္မတရာထူးမှနုတ်ထွက်ပေးခဲ့ရသည်။

ဒေါ်နယ်ထရမ့်သည် ယူကရိန်းဓာတ်ငွေ့ကုမ္ပဏီဘုတ်အဖွဲ့ဝင်များဖြစ်ကြသည့် ဂျိုးဘိုင်ဒင်နှင့်သားဖြစ်သူ ဟန်တာ တို့အကြောင်းစုံစမ်းပေးရေး ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် ဖုန်းပြောစဉ် ဖိအားပေးပြောဆိုခဲ့သည်ဟု ဒီမိုကရက်တစ်အမတ်များ၏ စွပ်စွဲမှုကိုခံနေရခြင်းဖြစ်သည်။

တစ်ကမ္ဘာလုံးက ကျွန်တော်တို့ကို အားကိုးတကြီးနဲ့မျှော်လင့်ကြတယ်။ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို လိုချင်ကြတဲ့ ယူကရိန်းပြည်သူတွေကလည်း ကျွန်တော်တို့ကို မျှော်လင့်နေကြတယ်၊ အားကိုးတုန်းမှာပဲ သူတို့မြင်ရတဲ့အရာတွေက လက်မခံနိုင်စရာတွေဖြစ်လာတယ် ဟု ရှစ်ဖ်ကဆိုသည်။ ဒါဟာ ကျွန်တော်တို့အတွက် အဖြစ်ဆိုးကြီးတစ်ခုပါ၊ တစ်ကမ္ဘာလုံးအတွက် ပိုတောင်ဝမ်းနည်းစရာကောင်းပါသေးတယ်၊ သူတို့ကိုယ်သူတို့ ဥပဒေအထက်မှာ ရှိနေတယ်လို့ ယုံကြည်နေတဲ့ လူ့ကျင့်ဝတ်နဲ့မညီတဲ့ သမ္မတလောက် အန္တရာယ်ကြီးမားတာ မရှိတော့ဘူးလို့ ထင်မြင်မိကြောင်း အဒမ်ရှစ်ဖ်က ပြောသည်။   ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly