အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အကျင့်ပျက် ခြစားမှုဖြင့် စွဲချက်တင်ခံရ

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အကျင့်ပျက် ခြစားမှုဖြင့် စွဲချက်တင်ခံရ

နိုဝင်ဘာ ၂၂ ။           ။ အစ္စရေးနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ယခုအခါ အကျင့်ပျက် ခြစားမှုဖြင့် စွဲချက်တင်ခံခဲ့ရကြောင်း သိရသည်။

အစ္စရေး ရှေ့နေချုပ်ဖြစ်သူ အဗစ်ချိုင်း မန်ဒယ်လ်ဘလစ်က ဝန်ကြီးချုပ် နေတန်ယာဟုအား လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှု၊ ယုံကြည်မှုချိုးဖောက်မှု တို့ဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ယင်းအတွက်ကြောင့် မစ္စတာ နေတန်ယာဟုသည် ယင်းနိုင်ငံတွင် စွဲချက်တင်ခံရသည့် ပထမဆုံးသော ဝန်ကြီးချုပ်လည်း ဖြစ်လာခဲ့သည်။

၎င်းအပေါ် ယခုကဲ့သို့ စွဲချက်တင်မှုသည် အာဏာသိမ်းရန် ကြိုးပမ်းမှုသာ ဖြစ်ကြောင်း၊ ယင်းအတွက် ပြင်းထန်စွာ ဝေဖန်ပြစ်တင်ကြောင်း၊ မည်သို့ပင် ဖြစ်စေကာမူ ရာထူးကနေ ဆင်းပေးမည်မဟုတ်ကြောင်း မစ္စတာ နေတန်ယာဟုက ပြောသွားသည်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုသည် နိုင်ငံတွင် ချမ်းသာသည့် စီးပွားရေးလုပ်ငန်းရှင်များ ပေးသည့် လက်ဆောင်များကို လက်ခံထားခဲ့သည် ဆိုသည့် စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရလျက် ရှိသည်။

ယခုကဲ့သို့ ဝန်ကြီးချုပ် နေတန်ယာဟု စွဲချက်တင်ခံရမှုက အစ္စရေး နိုင်ငံရေးကို ပိုမို အကျပ်ရိုက်လာစေခဲ့ပြီဖြစ်သည်။ ယင်းနိုင်ငံတွင် ပြီးခဲ့သည့် စက်တင်ဘာရွေးကောက်ပွဲပြီးနောက် လက်ရှိတွင် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး မအောင်မြင်ခဲ့သည့်အတွက် တစ်နှစ်ထဲမှာ တတိယမြောက် ရွေးကောက်ပွဲတစ်ရပ် ထပ်ကျင်းပရမည့် အလားအလာများလည်း ရှိနေသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly