ပြင်းပြင်းပြပြစားချင်နေ​တဲ့ အရာတွေက ပြောပြနေတဲ့ ကျန်းမာရေး

ပြင်းပြင်းပြပြစားချင်နေ​တဲ့ အရာတွေက ပြောပြနေတဲ့ ကျန်းမာရေး

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


အခုလောလောဆယ် အစားချင်ဆုံးက ဘာများလဲ။ အစားချင်ဆုံးအစားအစာကိုပြောပြရုံနဲ့ သင့်မှာဖြစ်နေတဲ့ ကျန်းမာရေးပြဿနာက ဘာလဲဆိုခန့်မှန်းပြမယ်ဆိုရင် ဘယ်လိုလဲ။ လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုပေမယ့် တစ်ခါတလေမှာ မဖြစ်မနေပြင်းပြင်းပြပြစားချင်နေတဲ့ စားချင်စိတ်တစ်ခုဖြစ်လာစမြဲပါ။ ဒါက သင့်ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတစ်ခုပါတဲ့။
အခုချိန်မှာ အစားချင်ဆုံးကဘာများလဲ………..

အခုချိန်မှာ အစားချင်ဆုံးက

  •     အာလူးကြော်
  •     ရေခဲမုန့်
  •     ချောကလက်
  •     ပီဇာ
  •     အချိုကဲတဲ့အစားအစာတွေ
  •     အသားကင်
  •     အချိုရည်တစ်ခုခု
  •     အချဉ်ကဲတဲ့အစားအစာ
  •     အစပ်များတဲ့အစားအစာလား။

အချိုများတာတွေ စားချင်နေတာ

စားစရာအရသာ အမျိုးမျိုးထဲကမှ အချိုမှ အချိုဖြစ်နေတယ်၊ ရေခဲမုန့်တွေ၊ သကြားလုံး၊ ဂျယ်လီ၊ ကွတ်ကီးတွေမှစားချင်နေတယ်ဆိုရင်တော့ သေချာတာက သွေးတွင်းသကြားဓာတ်တက်နေပါပြီ။ ဒီအချိန်မှာသာ အချိုထပ်စားမိလိုက်ရင် သွေးချိုက မိုးထိအောင်လှေကားထောင်လို့ သင့်ရဲ့ သွေးကြောလေးတွေကို ဒုက္ခပေးပါလိမ့်မယ်။

ဒါကြောင့်အချိုအရမ်းစားချင်နေတယ်ဆိုရင် သကြားလုံး၊ ဂျယ်လီနဲ့ ရေခဲမုန့်တို့အစား သဘာဝအချိုစာလေးတွေဖြစ်တဲ့ သစ်သီးလေးတွေစားပေးပါ။ ဒီအချိန်မှာ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအစာတွေနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေက သင့်ရဲ့ အချိုစားချင်စိတ်ကိုအကောင်းဆုံးထိန်းချုပ်ပေးနိုင်မှာပါ။
ချောကလက် အရမ်းစားချင်နေတာ

ဖြစ်ဖူးလား။ စာဖတ်ရင်းကဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်နေရင်းဖြစ်ဖြစ် ချောကလက်အရမ်းစားချင်လာတာမျိုးလေ။ ဒါကတော့ ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ်နည်းနေပြီဆိုတာကို အချက်ပြတာပါတဲ့။ ကမ္ဘာ့လူဦးရေ ၈၀ ရာခိုင်နှုန်းလောက် နေ့စဉ်စားသုံးမှုတွေထဲမှာ မဂ္ဂနီဆီယမ်ကို ထည့်သွင်းဖို့မေ့နေတတ်ကြပါတယ်။ ဒါကြောင့် ချောကလက်စားချင်လာတဲ့အခါ ခန္ဓာကိုယ်မှာလိုအပ်နေတဲ့ မဂ္ဂနီဆီယမ်ပြည့်ဝစေဖို့ အချိုပါဝင်မှုနည်းတဲ့ အနက်ရောင်ချောကလက်ကို စားပေးပါ။ ချောကလက်အပြင် မဂ္ဂနီဆီယမ်ရရှိနိုင်မယ့် အခြားအစားအစာတွေကတော့ အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ ငါး နဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေပါ။
အငန်ကဲတာတွေ စားချင်နေတာ

အာလူးကြော်လိုမျိုး အငန်ခပ်ကဲကဲအစားအစာတွေကိုမှ စားချင်ပါတယ်လို့များဖြစ်နေလား။ ဒါက စိတ်ဖိစီးမှုများလွန်းလွန်းလို့ ကိုယ်တွင်းမှာ အက်ဒရီနယ်လင်ဟော်မုန်းတွေများနေပြီဆိုတဲ့ လက္ခဏာပါ။ ဒီလိုအခြေအနေမှာ တရားထိုင်တာ၊ အသက်ရှုလေ့ကျင့်ခန်းလုပ်တာ နဲ့ သီချင်းနားထောင်တာလိုမျိုး စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုခုကိုလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက စိတ်ဖိစီးမှုကို ၂၅ ရာခိုင်နှုန်းလောက် ပြေလျော့စေနိုင်ပါတယ်။
အသားမှအသား စားချင်နေတာ

အသားမှအသားစားချင်နေတယ်ဆိုရင်တော့ သံဓာတ်အားနည်းနေတာပါ။တစ်ခါတလေ အသားကြော်၊ အသားကင်တွေကိုမှ စားချင်ပါတယ်ဆိုပြီး ဖြစ်နေတယ်ဆိုရင်တော့  ခန္ဓာကိုယ်ကသံဓာတ်ဖြည့်ပေးဖို့ အချက်ပြနေတယ်ဆိုတာကို သိလိုက်ပါတော့။ လေဒီတွေမှာဆိုရင် လစဉ်ပြဿနာကြုံနေရချိန်မှာ ဒီလိုမျိုး အသားစားချင်စိတ်ဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ အသားအပြင် ပဲအမျိုးမျိုး၊ ဇီးသီးခြောက်၊ သဖန်းသီး၊ ဟင်းနုနွယ်၊ သံဓာတ်ဖြည့်ထားတဲ့ အသီးခြောက်တွေစားပေးလို့ရပါတယ်။
ချိစ် အရမ်းစားချင်နေတာ

ချိစ်ပေါင်မုန့်၊ ချိစ်ပီဇာ၊ ချိစ်ပါတဲ့ အစားအစာတွေကို အရမ်းစားချင်မယ်ဆိုရင်တော့ သင်က omega-3 fatty acids လိုအပ်နေတာပါ။ ဒီလိုအပ်ချက်ကို ပြည့်စေဖို့ဆိုရင်တော့ ချိစ်စားပေးလို့ရသလို သစ်ကြားသီး၊ ဆယ်လ်မွန်ငါး၊ နှမ်းကြတ်စေ့တို့စားပေးလို့ရပါတယ်။
အချိုရည် အရမ်းသောက်ချင်နေတာ
အချိုရည်အရမ်းသောက်ချင်နေတယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲမှာ ရေဓာတ်နည်းနေပါပြီ။ ဒီအချိန်မှာ အချိုရည်တွေသောက်မယ်ဆိုရင် ခေတ္တခဏ ရေဆာပြေစေနိုင်ပေမယ့် ကျန်းမာရေးအတွက် မကောင်းတာကတော့ အမှန်ပါ။ ဒါကြောင့် အချိုရည်အရမ်းသောက်ချင်လာပြီဆိုရင် ရေသောက်ပါ။ ဒါမှမဟုတ်လည်း သံပရာရည်လေးသောက်ပေးပါ။
နို့ နဲ့ နို့ထွက်ပစ္စည်းတွေ အရမ်းစားချင်နေတာ
နို့ နဲ့ နို့ထွက်ပစ္စည်းတွေအရမ်းစားချင်နေမယ် အီအီဆိမ့်ဆိမ့်လေးစားချင်နေမယ်ဆိုရင် ဒါမှမဟုတ် ကယ်လ်လိုရီများတဲ့ အအီအဆိမ့်တွေကိုမှ ရွေးပြီးတောင့်တနေမယ်ဆိုရင်တော့ ဦးနှောက်အတွက်အရေးပါတဲ့ အာဟာရတစ်မျိုးဖြစ်တဲ့ choline ဓာတ်ကို ဖြည့်တင်းဖို့လိုပါမယ်။ ဒါက ကိုယ်တွင်းမှာ ဗီတာမင် D အားနည်းနေတာလည်းဖြစ်နိုင်ပါတယ်။
အချဉ်တွေ အရမ်းစားချင်နေတာ
ဗီတာမင် C လိုအပ်နေပါပြီ။ ဒါကြောင့် အချဉ်ဓာတ်ကြွယ်ဝတဲ့ အသီးတွေကို စားပေးလိုက်တာက အဆင်ပြေမှာပါ။ ကီဝီသီး၊ ငရုတ်သီးနဲ့ လိမ္မော်သီး၊ စတော်ဘယ်ရီတို့မှာလည်း ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။
အပူအစပ်တွေ စားချင်နေတာ
အပူအစပ်တွေကိုမှ စားချင်နေတာက စိတ်ဖိစီးနေတာဖြစ်နိုင်ပါတယ်။ ဒါကတစ်ခါတလေမျာ လေဒီလေးတွေက ရာသီမလာခင်လက္ခဏာတစ်ရပ်အနေနဲ့လည်း အပူအစပ်တွေစားချင်တာမျိုးရှိတတ်ပါတယ်။ဒီလိုအချိန်မှာ အပူအစပ်တွေအရမ်းစားတာမျိုးမလုပ်ပါနဲ့။ အစာခြေစနစ်ကိုရော အသားအရေကိုပါ ထိခိုက်စေနိုင်ပါတယ်။
ကဲ..စာဖတ်ပရိသတ်ကြီးရော အခု အရမ်းစားချင်နေတာက ဘာများလဲ….ပြောခဲ့ဦးနော်

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly