မူးယစ်ဆေးဝါးသုံးစွဲခြင်းဆိုသည်မှာ ရာဇဝတ်မှုတစ်ခုမဟုတ်ဟုဆို

မူးယစ်ဆေးဝါးသုံးစွဲခြင်းဆိုသည်မှာ ရာဇဝတ်မှုတစ်ခုမဟုတ်ဟုဆို
ဓာတ်ပုံ - လာဘ်ရတနာဗိုလ်

ရန်ကုန်။   ။နိုဝင်ဘာ ၂၁။           ။ မူးယစ်ဆေးဝါးသုံးစွဲခြင်းဆိုသည်မှာ ရာဇဝတ်မှုတစ်ခုမဟုတ်သကဲ့သို့ မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် နာတာရှည် ရောဂါတစ်ခုဖြစ်သည်ဟုနိုဝင်ဘာ ၂၀ရက်နေ့ပြုလုပ်ခဲ့သည့် မျှတမှုကင်း သော မူးယစ်ဆေးဝါး နှိမ်နင်းရေး မူဝါဒများ၏ မလိုလားအပ်သည့် နောက်ဆက်တွဲရလဒ်များ အစီရင်ခံစာမျှဝေခြင်းအခမ်းအနားမှ သိရသည်။

"ဒီလိုမူးယစ်ဆေးသုံးစွဲတဲ့သူတွေကို ကမ္ဘာ့နိုင်ငံအသီးသီးမှာရော ပြောဆိုနေတဲ့အကြံပြုချက်တွေအရဒီလူ တွေဟာ ရာဇဝတ်သားတွေအနေနဲ့ သတ်မှတ်ထားပြီးတော့လုပ်ဖို့မကောင်းဘူး။ သူတို့ကဆေးကုသမှုကို လိုအပ်တဲ့ လူနာတွေအနေနဲ့ပဲ မြင်ပြီးတော့ သူတို့ရဲ့ အခွင့်အရေးတွေကိုလည်းပေးသင့်တယ်။ ဒါကပိုပြီးတော့ သင့်လျော်တဲ့နည်း မှန်ကန်တဲ့နည်းဖြစ်တယ်။ သူတို့မှာကျရောက်နိုင်တဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစအ တွက်က ဆိုရင် ဒါမှန်ကန်တဲ့နည်းလမ်းတစ်လမ်းဖြစ်တယ်ဆိုတာကိုပြောတာပါ" ဟု မဟာမိတ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှအမှုဆောင်ဒါရိုက်တာ ဒေါက်တာစိုးနိုင်က ပြောသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒအား ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၂၀ရက်နေ့တွင်ထုတ်ပြန်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် ဆက် စပ်သည့် ဖမ်းဆီးအရေးယူမှုများကို အရှိန်အဟုန်မြင့်စွာ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်မှုကြောင့် ဖမ်းဆီးခံရသူအများစုသည် နိုင်ငံတော်သမ္မတရုံး၏ မူလရည်ရွယ်ချက်ဖြစ်သည့် အကြီးစားမူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းဝယ်ဖောက်ကားသူများမဟုတ်ဘဲ မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ်လူရွယ်များနှင့် ပမာဏအနည်းငယ်သာ ကိုင်ဆောင်ထားသူများသာဖြစ်နေကြောင်း သိရသည်။

"ဒီ ၂၀၁၈ခုနှစ်အတွင်းမှာပဲ ဖေဖော်ဝါရီလတုန်းကဆိုရင် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒကို ထွက်ရှိ ခဲ့ပါတယ်။ ဒီထိန်းချုပ်ရေးမူဝါဒမှာဆိုလို့ရှိရင် နယ်ပယ်၅ရပ်ပါပါတယ်။ ဒါပေမယ့်အဲ့ထဲမှာ အဓိကကတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ပညာပေးမယ်။ အန္တရာယ်လျော့ချရေးဆိုင်ရာဘက်ကိုသွားမယ်။ ပြီးတော့ ကုသရေးပေးမယ်။ သူတို့ကိုလည်း ရာဇဝတ်သားအဖြစ်မသတ်မှတ်ဘူးဆိုတာလည်း ပါပါတယ်။ ဒါပေမယ့် လည်း မူးယစ်ဆေးဝါးမူဝါဒထွက်လာပြီး များမကြာခင်မှာပဲ ဒီလိုတိုင်ကြားရေးဌာနကို ဖွင့်ပြီးတော့မှ ဒီလို နှိမ်နင်းမှုတွေကို ဆောင်ရွက်တဲ့အတွက်ကြောင့်မို့လို့ သမ္မတရုံးကဆောင်ရွက်တဲ့ဆောင်ရွက်ချက်နဲ့ မူးယစ် ဆေးဝါးမူ ဝါ ဒနဲ့ဟာဆိုလို့ရှိရင် ကွဲလွဲနေတာကိုတွေ့ရပါတယ်" ဟု Drug Policy Advocacy Group Myanmar မှ ဒေါက်တာ နန်းပန်းအိခမ်းက ဆိုသည်။

မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသည့် မူးယစ်ဆေးဝါးမူဝါဒ၊ ဥပဒေများသည်တရားမျှတရေးအစား ဖိနှိပ် ချုပ်ချယ်ခြင်း၊ ပြစ်ဒဏ်ပေးခြင်းများကိုသာ ဦးစားပေးထားခြင်းဖြစ်ကာ မူးယစ်ဆေးဝါးသုံးစွဲသူများအားဖမ်းဆီး ချုပ်နှောင်ခြင်းသည် အကျိုးသက်ရောက်မှုမရှိဟု ၎င်းကဆိုသည်။

"မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးပြောတဲ့အချိန်မှာ ကျွန်တော်တို့ဆိုရင် နိုင်ငံတကာကအသိအမှတ်ပြုပြီးမှ နိုင်ငံတကာကဆေးဝါးအဖြစ်အသုံးပြုနေတဲ့ ဆေးခြောက်တွေဆိုတာက ကျွန်တော်တို့နိုင်ငံမှာ တကယ် မျက်မုန်း ကြိုး တဲ့ မူးယစ်ဆေးဝါးကြီးတစ်ခုအနေနဲ့ သတ်မှတ်နေတုန်းပဲရှိနေသေးတယ်။ ဆိုလိုတဲ့ဥစ္စာက ဒီဥစ္စာ တွေက တစ်မှုန်ကနေပဲဖြစ်ဖြစ် ဘယ်လောက်ကနေပဲဖြစ်ဖြစ်ဆိုတာကသူတို့ကို ကျွန်တော်တို့ အခွင့်အလမ်း ပြန် မပေး သင့်ဘူး လား။ သုံးစွဲသူကို အခွင့်အလမ်းပေးဖို့ရာအတွက် ကျွန်တော့်အနေနဲ့ ထောက်ခံပါတယ်။ အမှန်တကယ်ရောင်းဝယ်တဲ့သူတွေနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်အရေးယူဖို့ကိုလည်း ဆက်လက်ဆောင်ရွက် ဖို့ကို တိုက်တွန်း ချင် ပါတယ်"ဟု ကချင်ပြည်နယ်မှ တရားလွှတ်တော်ရှေ့နေ ဦးဂဲနက်စ်က ပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများအပါအဝင် အသေးစားမူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်သူများသည် ရာဇဝတ်သား အဖြစ်သတ်မှတ်ခံရ၍ ထောင်ဒဏ်နှစ်ရှည်ကျခံကြရသည်။ မြန်မာနိုင်ငံ အကျဉ်းထောင်များတွင်ရှိသည့် အကျဉ်း သား ၅၀ရာခိုင်နှုန်းခန့်သည် မူးယစ်ဆေးဝါးသုံးစွဲသူများ၊ အသေးစားမူးယစ်ဆေးဝါးပြစ်မှု ကျူးလွန် သူများသာဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနက ၂၀၁၈ ဇွန်လ ၂၆ရက်နေ့မှ ၂၀၁၉ နိုဝင်ဘာလ ၁၆ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာအရ မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့်အမှုပေါင်း ၈၄၉မှုကို စုံစမ်း ဖော်ထုတ်နိုင်ခဲ့ပြီး တရားခံ ကျား ၁၀၉၄ဦးနှင့် တရားခံမ ၂၀၈ဦး အပါအဝင် စုစုပေါင်း ၁၃၀၂ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly