ပိုမိုကြိုးစားအားထုတ်ခဲ့ရင် ကျနော်လည်း မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ အဆင့်အတန်းမျိုး ရှိခဲ့မှာပါ - ရှနိုက်ဒါ

ပိုမိုကြိုးစားအားထုတ်ခဲ့ရင် ကျနော်လည်း မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ အဆင့်အတန်းမျိုး ရှိခဲ့မှာပါ - ရှနိုက်ဒါ

ဝက်စ်လေ ရှနိုက်ဒါက တစ်ချိန်က သူ့အနေနဲ့ ပိုမိုကြိုးစားအားထုတ်မှုသာ ကောင်းခဲ့ရင် လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့လို ကစားသမား (၂)ယောက်နဲ့ တူညီတဲ့ အဆင့်အတန်မျိုးမှာ ရပ်တည်နိုင်ခဲ့မှာပါလို့ ယုံကြည်နေပါတယ်။

အသက် (၃၅)နှစ်အရွယ် နယ်သာလန် ကစားသမားကြီးကတော့ ပြီးခဲ့တဲ့ သြဂုတ်လကမှ ကစားသမားဘဝက အနားယူသွားခဲ့တာပါ။ သူ နောက်ဆုံးကစားသွားခဲ့တဲ့အသင်းကတော့ ကာတာကလပ် အယ်လ်ဂါရာဖာအသင်းပဲဖြစ်ပါတယ်။

ရှနိုက်ဒါဟာ ကစားသမားဘဝတစ်လျှောက် အောင်မြင်မှုများစွာကို ရယူနိုင်ခဲ့သူဖြစ်ပြီး အေဂျက်စ်၊ ရီးယဲလ်မက်ဒရစ်၊ အင်တာမီလန်၊ ဂါလာတာဆာရေး၊ နိုက်စ်အသင်းတွေနဲ့ ပြည်တွင်း အမှတ်ပေးဖလားတွေ ရယူနိုင်ခဲ့သလို ၂၀၁၀ ခုနှစ်ကလည်း အင်တာမီလန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခဲ့သူပါ။

ရှနိုက်ဒါဟာ အသင်းလိုက် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပေမယ့် တစ်ဦးချင်း ဆုတံဆိပ်တွေတော့ များများစားစား ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

တကယ်တော့ ရှနိုက်ဒါက သူသာ ပြိုင်ပွဲမှာ အရာအားလုံးပေးဆပ်ကစားပေးခဲ့ရင် အကောင်းဆုံးကစားသမားတွေနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

"ရိုးရိုးသားသားနဲ့ ဝန်ခံပြောရမယ်ဆိုရင်တော့ ကျနော်သာ ၁၀၀ ရာခိုင်နှုန်းအပြည့် ကြိုးစားအားထုတ်ခဲ့ရင် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့လို့ အဆင့်မျိုးမှာ ရှိနေခဲ့မှာပါ။ ကျနော် အဲဒါကို ကောင်းကောင်းကြီး သိရပါတယ်။"လို့ ရှနိုက်ဒါက Fox Sports NL ကို ပြောကြားခဲ့ပါတယ်။

"ဒါပေမယ့် ကျနော် အဲလို လုပ်ချင်စိတ်မရှိခဲ့သလို၊ ဒါကိုလည်း နောင်တရနေမှာ မဟုတ်ပါဘူး။ ကျနော့်မှာ သူတို့မှာ ရှိတဲ့ အရည်အသွေးမျိုး မရှိလို့ မဟုတ်ပါဘူး။ ရိုးရိုးလေးပြောရရင် မလုပ်ချင်ခဲ့လို့ဆိုတာပါ။

"ကျနော့်ရဲ့ ဘောလုံးကစားသမားဘဝတစ်လျှောက် ပျော်ရွှင်ခဲ့ရတယ်။ ကွင်းတွင်းမှာရော၊ ကွင်းပြင်ပမှာရောပေါ့။ ကျနော့်အနေနဲ့ ကလပ်အဆင့်မှာ ဆုဖလားတိုင်းကို ဆွတ်ခူးရယူနိုင်ခဲ့တယ်။ ဒါ့ကြောင့်လည်း ကျနော် လုံးဝနောင်တမရတာပေါ့။။ ကျနော်က အသင်းလိုက် ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းအဖွဲ့တစ်ခုအနေနဲ့ အောက်မြင်မှုရတာကိုပဲ သဘောကျတာပါ။

"လူတွေကတော့ ၂၀၁၀ ဘလွန်းဒီအော်ဆုကို ကျနော် ရသင့်တယ်လို့ အခုထိ ကျနော့်ဆီ လာပြောနေကြတုန်းပဲ။ ဒါပေမယ့် တစ်ဦးချင်းဆုတံဆိပ်ထက် ချန်ပီယံလိဂ်အောင်မြင်မှုက ပိုပြီး ကောင်းခဲ့တယ်ဆိုတာ ကျနော် ဆက်ပြောနေအုံးမှာပါ။

"ဟုတ်ပါတယ်။ ဒါဟာ အချိုပေါ်က သကာခဲလေးဖြစ်ခဲ့မှာပေါ့။ ဒါပေမယ့် လူတွေက ကျနော် ဘလွန်းဒီအော်ရသင့်တယ်လို့ ကျနော့်ကို ပြောကြတာကိုပဲ ကျေနပ်နေပါပြီ။"

ရှနိုက်ဒါဟာ ၂၀၁၀ ဘလွန်းဒီအော်ဆုအတွက် အဆင့် (၄)နေရာမှာသာ ရွေးချယ်ခံရပြီး မက်ဆီက အင်နီယေစတာနဲ့ ဇာဗီတို့ကို ကျော်ဖြတ်ပြီး ရယူခဲ့ပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly