ယူကရိန်းနှင့် အပေးအယူလုပ်ရန် ထရမ့် ညွန်ကြားခဲ့ဟု လွှတ်တော်ကြားနာပွဲမှာ အမေရိကန်သံအမတ်ကြီး ထွက်ဆို

ယူကရိန်းနှင့် အပေးအယူလုပ်ရန် ထရမ့် ညွန်ကြားခဲ့ဟု လွှတ်တော်ကြားနာပွဲမှာ အမေရိကန်သံအမတ်ကြီး ထွက်ဆို
Photo: AFP

နိုဝင်ဘာ ၂၁ ။     ။ နိုင်ငံရေးပြိုင်ဘက် ဂျိုး ဘိုင်ဒင်အား စုံစမ်းစစ်ဆေးရေး ယူကရိန်းအပေါ် ဖိအားပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ညွန်ကြားခဲ့ပြီး ယင်းညွန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ရကြောင်း အမေရိကန် သံအမတ်ကြီးတစ်ဦးက နိုဝင်ဘာ ၂၀ ရက်မှာ လုပ်ဆောင်သည့် လွှတ်တော် ကြားနာပွဲတွင် ထွက်ဆိုသွားခဲ့သည်။

သမ္မတ ထရမ့်အား တရားစွဲဆိုရေး စုံစမ်းစစ်ဆေးမှု ဆိုင်ရာ လွှတ်တော်ကြားနာပွဲတစ်ခုအတွင်း အီးယူဆိုင်ရာ အမေရိကန်သံအမတ်ကြီး Gordon Sondland က အထက်ပါအတိုင်း ထွက်ဆိုသွားခဲ့ခြင်း ဖြစ်သည်။

ထရမ့်သည် ၎င်း၏ နိုင်ငံရေးပြိုင်ဘက် ဂျိုး ဘိုင်ဒင်အား စုံစမ်းစစ်ဆေးစေရေးအတွက် ယူကရိန်းနှင့်အကြား အပေးအယူ လုပ်ရန် ညွန်ကြားခဲ့ကြောင်း ၎င်းက ပြောသည်။

ယင်း ညွန်ကြားချက်သည် မစ္စတာထရမ့်၏ ပုဂ္ဂိုလ်ရေး ရှေ့နေ Rudy Giuliani ဆီကနေ တဆင့့်ရောက်လာခြင်းဖြစ်ကြောင်းလည်း ၎င်းက ဖြည့့်စွက်ပြောသည်။

ယင်းကိစ္စတွင် ယူကရိန်းဘက်က ဂျိုး ဘိုင်ဒင်ကို စုံစမ်းစစ်ဆေးရန်နှင့်၊ ယင်းအတိုင်းလုပ်ဆောင်ပါက ယူကရိန်းသမ္မတ ဇီလန်စကီး အိမ်ဖြူတော်သို့ အလည်အပတ်လာရောက်နိုင်ရန် စီစဉ်ပေးရေး အပေးအယူ တစ်ခု လုပ်ခိုင်းခဲ့ကြောင်း Sondland က လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ကြားနာပွဲတွင် ပြောသွားသည်။

ဂျိုးဘိုင်ဒင် အပေါ် စုံစမ်းစစ်ဆေးရေး တောင်းဆိုမှု ယူကရိန်းဘက်က မလိုက်နာပါက ယင်းနိုင်ငံအပေါ် စစ်ရေးအကူအညီ ရပ်ဆိုင်းရေး မစ္စတာထရမ့်ဘက်က သတ်မှတ်လုပ်ဆောင်ခဲ့ခြင်းရှိမရှိ ယခုလွှတ်တော်ကြားနာမှုတွင် စစ်ဆေးနေလျက် ရှိသည်။

အမေရိကန်သမ္မတတစ်ဦးအနေဖြင့် ရွေးကောက်ပွဲ အနိုင်ရနိုင်ရေးအတွက် ပြည်ပနိုင်ငံ၏ အကူအညီတစ်ရပ်ကို ရယူခြင်းက ယင်းနိုင်ငံတွင် ဥပဒေနှင့် မညီညွတ်သည့် ကိစ္စဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly