ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုရင်ဆိုင်နေရသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို မရမ်းကုန်းတရားရုံးတွင် ရုံးထုတ်

ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုရင်ဆိုင်နေရသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို မရမ်းကုန်းတရားရုံးတွင် ရုံးထုတ်

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ။         ။ တပ်မတော်မှ တရားလိုပြုလုပ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားရင်ဆိုင်နေရသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များ ဖြစ်ကြသော ကိုဇေယျာလွင် ၊ ကိုပိုင်ရဲသူ ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ ၊ မဆုရတနာမြင့်တို့ကို နိုဝင်ဘာ ၂၀ ရက်နေ့က မရမ်းကုန်းတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

ယခုရုံးချိန်းတွင် တရားလိုဘက်မှ ယခင်တရားရုံးများ၌ ပြစ်မှုချမှတ်ထားသည့် သက်သေခံ၊ အထောက်အထား များတင်ပြလာခဲ့ပြီး အဆိုပါတင်ပြမှုသည် ပြစ်ဒဏ်ချမှတ်ထားပြီး ဖြစ်သောကြောင့် ယခု တရားစွဲဆိုထားသည့် အမှုအပေါ် အပြစ်မရှိကြောင်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များဘက်က ထွက်ဆိုခဲ့သည်။

“ သူတို့ လေးယောက်ကတော့ သူတို့မှ အပြစ်မရှိကြောင်း ဖြေကြားတယ်။ ဘာကြောင့် အပြစ်မရှိလဲဆိုတော့ ၆၆ (ဃ)မှ တရားလိုဘက်က တင်ပြထားတဲ့ သက်သေခံ အထောက်အထားတွေ ၊ ဗိုလ်တထောင်တရားရုံးမှ ၆၆ ( ဃ) ဖြင့် တရားစွဲဆိုထားတဲ့အမှုမှာလည်း  တင်ပြထားတဲ့ အထောက်အထားတွေ ၊ ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်တဲ့ ၅၀၅ (က)တင်ပြထားတဲ့ အထောက်အထားတွေ ၊ ဒီအထောက်အထားတွေပဲ ထပ်ခါထပ်ခါ တင်ပြထားတာ ဖြစ်တယ်။ အကြိမ်ကြိမ် တင်ပြထားတဲ့ သတ်သေခံအထောက်အထားအပေါ် ၅၀၅ (က) နဲ့ အပြစ်ပေးထားပြီးပြီ ။ ဒါကို သူတို့က ဖြေကြားသွားတယ်”  ဟု ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များဘက်က လိုက်ပါဆောင်ရွက် ပေးသော တရားလွှတ်တော်ရှေ့နေ ဒေါ် စန်းစန်းမြင့်က ပြောသည်။

မရမ်းကုန်းတရားရုံးတွင် ပုဒ်မ ၆၆ (ဃ)ဖြင့် တရားရင်ဆိုင်နေရမှုအပေါ် လာမည့် နိုဝင်ဘာ ၂၅ ရက်နေ့တွင် အပြီးသတ်လျှောက်လဲချက်ပေးပြီးနောက် ၊  ဒီဇင်ဘာ ဒုတိယပတ်လောက်တွင် အမှုအတွက် အပြီးသတ် အမိန့်ချနိုင်ကြောင်း သိရသည်။

 “ Out of Procedure ဥပဒေ အရ Procedure က ‌အောက်နေပြီ။ ဒါကြောင့်မို့ တရားလိုကျေနပ်မှု ရရှိရေး အတွက် တရားရုံးက လိုက်ပြီး ဆောင်ရွက်ပေးနေတယ်လို့ ထင်မြင်ယူဆတယ်။ ဥပဒေအရ ဆိုရင် လွှတ်ပေး ရမယ်။လွှတ်ပေးလို့ရတဲ့အနေအထားမျိုးပါ။ သို့သော်လည်း တရားရုံး တစ်ရုံးတွင်မကဘဲ ရုံးအများအပြား စွဲထားတယ်။ အကြိမ်ကြိမ်စွဲထားတာက လွှတ်ပေးလို့ရည်ရွယ်ချက်မရှိဘူး။ တရားလိုကျေနပ်အောင် တရား လိုက တစ်ဖက်က တပ်မတော်ဖြစ်နေတယ်။ တရားရုံးကနေ ကြားကနေ ဥပဒေအရ အထောက်အထား အားနည်းနေသော်လည်း ၊သက်သေခံအထောက်အထားအရ ဥပဒေနဲ့ မညီသော်လည်း တရားလို ကျေနပ်ဖို့အတွက် အမိန့်တွေ ချပေးနေတယ်လို့ ကျွန်မကတော့ ယူဆတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဆက်ပြောသည်။

အလားတူပင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို ဧရာဝတီတိုင်း အတွင်း ရှိ မအူပင် ၊ ဒေးဒရဲ ၊ ဖျာပုံနှင့် ပုသိမ် အစရှိသော မြို့နယ်များတွင် ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားမှုများ ရှိနေသေးကြောင့် အမှုဆက်လက် ရင်ဆိုင်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly