သိမ်းဆည်းခံမြေများအတွက် လယ်သမား ၉၀၀ ကျော် တိုင်းအစိုးရထံ ကန့်ကွက်လွှာတင်သွင်း

သိမ်းဆည်းခံမြေများအတွက် လယ်သမား ၉၀၀ ကျော် တိုင်းအစိုးရထံ ကန့်ကွက်လွှာတင်သွင်း

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ။       ။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ဒဂုံ(အရှေ့ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့နယ် (တောင်ပိုင်း) မြို့နယ်များရှိ သိမ်းဆည်းခံမြေများအတွက် လယ်သမား ၉၀၀ ကျော်က နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ကန့်ကွက်လွှာ တင်သွင်းခဲ့သည်။

အဆိုပါမြို့နယ်များရှိ မြေလွတ်၊မြေလပ်များဖြစ်နေသော သိမ်းဆည်ခံလယ်မြေများပေါ်တွင် စိုက်ပျိုးရေး စက်မှုဇုန်များတည်ထောင်ခြင်း၊ ရောင်းချခြင်း ကိစ္စရပ်တို့အား ကန့်ကွက်ခြင်းနှင့် သိမ်းဆည်းခံ လယ်ယာ မြေများပေါ်တွင် ပြန်လည်ခွဲဝေလုပ်ကိုင်နိုင်ခွင့် ပုံစံ (၁) လျှောက်ထားရန်အတွက် ဒေသခံကျေးရွာ လယ်သမား ၉၇၅ ဦးမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်း ဖြစ်သည်။

“၂၀၁၂ မြေယာဥပဒေ နဲ့ မြေလွတ်မြေရိုင်း နှင့် စီမံခန့်ခွဲရေးဥပဒေ စတဲ့ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဟာ ပြည်ထောင်စုအဆင့်က အစိုးရအဖွဲ့က စီမံခန့်ခွဲရမယ့် ကိစ္စဖြစ်နေတယ်။  ဒါကို တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့ရဲ့ ဥပဒေမူဘောင်ထဲက လုပ်မယ်ဆိုရင် ပြည်ထောင်စု အဆင့်ကခွင့်ပြုထားတဲ့ ဥပဒေမူဘောင်ကို ကျော်လွန်နေတယ်ဆိုတာကို အတိအလင်း ထောက်ပြ ပြီးတော့ ကျွန်တော်တို့ ကန့်ကွက်တာပဲ ဖြစ်ပါတယ်” ဟု လယ်သမားများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော အထက်တန်းရှေ့နေ ဦးဖိုးဖြူ မှ ပြောသည်။

အဆိုပါ လယ်ယာမြေများအား ၂၀၁၄ ခုနှစ်မှ စတင်ကာ ပုဂ္ဂလိကကုမ္ပဏီ ၁၆ ခုထံ စံပြစိုက်ပျိုးရေး ဇုန်ကြီးများ(ဘုံလယ်ယာ စိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်း)အကောင်အထည်ဖော်ရန်အတွက် လယ်ယာ မြေလုပ်ပိုင်ခွင့် ပုံစံ (၇ )ကိုချထားခဲ့သော်လည်း အောင်မြင်မှုမရှိသောကြောင့် အဆိုပါ လယ်မြေများ သည် မြေလွတ်မြေရိုင်းများ အဖြစ်သာရှိနေကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ လယ်ယာမြေများ၌ လုပ်ကိုင်ခွင့်ရရှိထားသော ကုမ္ပဏီများ အနေဖြင့် လယ်ယာ မြေလုပ်ပိုင်ခွင့် ပုံစံ (၇)အရ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်မှုမရှိခြင်း၊ ခွင့်ပြုချက် မရှိဘဲ အခြား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေခြင်းတို့ကို တွေ့ရသောကြောင့် ၂၀၁၂ လယ်ယာမြေဥပဒေအရ ပြန်လည်သိမ်းယူရန်လိုအပ်ပြီး လျှောက်ထားသူဒေသခံများအား မြေလွတ် မြေလပ်လျှောက်ထားခွင့် ပုံစံ (၁) ထုတ်ခွင့်ပြုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ တင်ပြခြင်း ဖြစ်ကြောင်း ကန့်ကွက်လွှာတင်သွင်းသော ဒေသခံကျေးရွာလယ်သမားများထံမှ သိရသည်။

“ရှေ့မှာသိမ်းဆည်းခဲ့တဲ့ လယ်တွေအများကြီးရှိတယ်။ လှည်းကူး၊တိုက်ကြီး၊တောင်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်ဘက်တွေမှာ သိမ်းထားတဲ့ မြေလွတ်မြေရိုင်းတွေ အများကြီးရှိနေတယ်။ ဒါကို ပြီးပြတ်အောင် မလုပ်ဘဲနဲ့ ဒီဘက်က လစ်လပ်နေတဲ့ စိုက်ပျိုးမြေတွေကို လယ်သမားတွေက လျှောက်ထားနေတာကို အလေးမမူဘဲ တိုင်းဒေသကြီးအစိုးရဘက်က ဒီလို ထုတ်ပြန်ကြေညာနေတာတွေကို မကျေနပ်လို့ လုံးဝကန့်ကွက်ပါတယ်။ ဒီမြေလွတ် မြေရိုင်းတွေ နဲ့ပတ်သက်လို့ အစိုးရဘက်က ၈၀ ရာခိုင်နှုန်း၊ ကုမ္ပဏီကို၂၀ ရာခိုင်နှုန်းပေးမယ့် ကိစ္စတွေအပေါ်မှာလည်း လုံးဝကန့်ကွက်ပါတယ်”ဟု ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ညောင်ပင်ရွာ မှ ဦးမြင့်အောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံ(အရှေ့ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့နယ် (တောင်ပိုင်း)မြို့နယ်များရှိ မြေဧရိယာ ဧက ၉၃၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ စီမံပိုင်ခွင့် ရှိသောမြေများအဖြစ် သတ်မှတ်ထားကာ ယခင်အစိုးရလက်ထက်တွင် စီမံကိန်းဖော်ဆောင်ရန်ရရှိ ထားသည့်ကုမ္ပဏီများအား ၂၀ ရာခိုင်နှုန်း၊ အစိုးရမှ ၈၀ ရာခိုင်နှုန်းဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ထို့အပြင် တတိယအဆင့်မြေကွက်ရောင်းချမှုအဖြစ် နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများ၊ ပြည်တွင်း လုပ်ငန်း ရှင်များ၊ စက်မှုဇုန်၊ စီးပွားရေးဇုန်၊ အိမ်ရာစီမံကိန်းဇုန် တို့အဖြစ် အကောင်အထည်ဖော်ရန်အတွက် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းထားသော မြေစီမံခန့်ခွဲမှုကော်မတီ အနေဖြင့် လူနေဇုန်၊ စီးပွားရေးဇုန်နှင့် စက်မှုဇုန်များ အကောင်အထည်ဖော်ရန် အဆင့်၃ ဆင့်ဖြင့် ရောင်းချမည်ဖြစ်ပြီး ပထမအဆင့်တွင် လှိုင်သာယာ၊ရွှေပြည်သာနှင့် ဒဂုံ ၄ မြို့နယ်ရှိ မြေကွက်ပေါင်း ၅၀၀ကျော်ပါဝင် ကြောင်း ဒုတိယအဆင့်တွင် မှော်ဘီ၊ မြောင်းတကာစက်မှုဇုန်ရှိ မြေကွက်ပေါင်း ၁၈၇ ကွက်နှင့် တတိယအဆင့်တွင် ဒဂုံဆိပ်ကမ်းနှင့် ဒဂုံအရှေ့ဘက်ရှိ စံပြစိုက်ပျိုးရေးဇုန်ကြီးများအဖြစ် သတ်မှတ် ခဲ့သော မြေဧရိယာ ဧက ၉၃၀၀ ကျော်ပါဝင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly