ဗကသအဖွဲ့ဝင်ဟောင်း ကိုရဲရင့်ကျော်ကို တစ်နှစ်ကျော်ကြာက ဖွင့်ထားသော အမှုဖြင့် အောင်မြေသာစံမြို့နယ် တရားရုံးတွင် ချုပ်ရမန်ယူ

ဗကသအဖွဲ့ဝင်ဟောင်း ကိုရဲရင့်ကျော်ကို တစ်နှစ်ကျော်ကြာက ဖွင့်ထားသော အမှုဖြင့် အောင်မြေသာစံမြို့နယ် တရားရုံးတွင် ချုပ်ရမန်ယူ
ဓာတ်ပုံ - ထက်မြတ်

မန္တလေး၊ နိုဝင်ဘာ ၂၀။          ။ မန္တလေးမြို့ကျုံးဘေးတွင် ၂၀၁၈ခုနှစ် မေလက ပြည်တွင်းစစ်ငြိမ်းချမ်းရေးအတွက် ဖယောင်းတိုင်မီးထွန်းခဲ့မှု ကြောင့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ဖြင့် ဖမ်းဆီးခံထားရသော ဗကသ အဖွဲ့ဝင်ဟောင်း ကိုရဲရင့်ကျော်ကို အောင်မြေသာစံမြို့နယ် တရားရုံးတွင် နိုဝင်ဘာ ၂၀ရက်နေ့က ချုပ်ရမန်ရယူခဲ့သည်။

၂၀၁၈ခုနှစ် မေလတွင် ပြုလုပ်ခဲ့သော အဆိုပါဖြစ်စဉ်အတွက် အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးက ငြိမ်းစုစီ ဥပဒေပုဒ်မဖြင့် ကိုသန်းထိုက်၊ ကိုနှင်းမောင် နှင့် ကိုရဲရင့်ကျော်တို့ကို တရားစွဲခဲ့ကာ ကိုသန်းထိုက်(ဗကသ-ဗဟို ကော်မတီဝင်ဟောင်း)၊ ကိုနှင်းမောင်(ဗကသအဖွဲ့ချုပ်)တို့အား ၂၀၁၈ခုနှစ် ဇူလိုင် ၅ရက်နေ့က အောင်မြေ သာစံမြို့နယ်တရားရုံးက ထောင်ဒဏ်သုံးလ အမိန့်ချခဲ့သည်။

ထိုသို့ အမိန့်ချခံရမှုတွင် မပါဝင်ခဲ့သော ကိုရဲရင့်ကျော်ကို တစ်နှစ်ခွဲခန့်အကြာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၉ရက်နေ့ ညနေပိုင်းတွင် မဟာအောင်မြေမြို့နယ်ရှိ လက်ဖက်ရည် ဆိုင်တစ်ဆိုင်၌ ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“တစ်နှစ်ခွဲကြာမှ ပြန်စွဲတာဖြစ်တယ်။ ဘာရည်ရွယ်ချက်နဲ့စွဲတယ်ဆိုတာ မသိဘူး။ သတိထားကြပါ။ ရွေး ကောက်ပွဲနီးလာတော့ဖြစ်တတ်ပါတယ်”ဟု ကိုရဲရင့်ကျော်က ပြောသည်။

ထိုသို့ ဖမ်းဆီးမှုမပြုလုပ်ခင်နိုဝင်ဘာ ၁၈ရက်နေ့က မဟာအောင်မြေမြို့နယ်တွင် ဒီမိုကရေစီပညာရေးသပိတ် ငါးနှစ် ပြည့်ပွဲအတွက် အစည်းအဝေးလုပ်ပြုပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းလည်း ဖြစ်သည်။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly