ပိုချက်တီနိုကို ထုတ်ပယ်လိုက်ပြီးနောက် မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်လိုက်တဲ့ တော့တင်ဟမ်

20 November 2019
ပိုချက်တီနိုကို ထုတ်ပယ်လိုက်ပြီးနောက် မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်လိုက်တဲ့ တော့တင်ဟမ်

အင်္ဂါနေ့က ပိုချက်တီနိုကို ထုတ်ပယ်ပြီးနောက် လစ်လပ်သွားတဲ့ တော့တင်ဟမ်နည်းပြရာထူးအတွက် မော်ရင်ဟိုကို ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ BBC Sports က ဖော်ပြထားပါတယ်။

ချယ်လ်ဆီးနဲ့ ယူနိုက်တက်တို့ရဲ့ နည်းပြဟောင်း မော်ရင်ဟိုဟာ ၂၀၂၂-၂၃ ရာသီကုန်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။

"အသင်းနဲ့ အကယ်ဒမီနှစ်ခုလုံးမှာရှိတဲ့ အရည်အသွေးက ကျနော့်ကို စိတ်လှုပ်ရှားစေပါတယ်။ ဒီကစားသမားတွေနဲ့ အလုပ်လုပ်ရမှာက ကျနော့်ကို ဆွဲဆောင်နိုင်ခဲ့တယ်။"လို့ အသက် (၅၆)နှစ်အရွယ် ပေါ်တူဂီသားနည်းပြက ပြောပါတယ်။

စပါးအသင်းဥက္ကဋ္ဌ ဒန်နီယယ် လီဗိုင်းက "ဟိုဆေးမှာ ဘောလုံးလောကမှာ အအောင်မြင်ဆုံး မန်နေဂျာတွေထဲက တစ်ယောက်ကို ကျနော်တို့ ရရှိလိုက်ပါတယ်။"လို့ ပြောပါတယ်။

တော့တင်ဟမ်ဟာ ပိုချက်တီနိုလက်ထက် ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ပေမယ့် မက်ဒရစ်မြို့မှာ လီဗာပူးလ်ကို အရေးနိမ့်ခဲ့ပါတယ်။

မေလ ၂၀၁၄ ခုနှစ်က ခန့်အပ်ခံခဲ့ရတဲ့ အာဂျင်တိုင်းနည်းပြဟာ မြောက်လန်ဒန်အသင်းကို တာဝန်ယူခဲ့တဲ့အချိန်မှာ ဆုဖလားရယူပေးဖို့ ကျရှုံးခဲ့ပြီး စပါးအသင်းရဲ့ နောက်ဆုံးရရှိတဲ့ ဆုဖလားမှာ ၂၀၀၈ ခုနှစ်က လိဂ်ဖလားပဲဖြစ်ပါတယ်။

လီဗိုင်းက "သူ (မော်ရင်ဟို)မှာ အတွေ့အကြုံများစွာရှိပါတယ်။ အသင်းတွေကို စိတ်ဓာတ်တက်ကြွစေနိုင်ပြီး ကြီးကျယ်တဲ့ နည်းစနစ်ပိုင်ဆိုင်သူလည်းဖြစ်တယ်။"လို့ ဆက်ပြောပါတယ်။

"သူနည်းပြခဲ့တဲ့ အသင်းတိုင်းမှာ ဆုဖလားတွေ ရယူပေးခဲ့တယ်။ သူဟာ စွမ်းအားတွေနဲ့ အသင်းရဲ့ အဝတ်လဲခန်းကို ယုံကြည်ချက်တွေ ယူဆောင်ပေးလာလိမ့်မယ့်လို့ ကျနော်တို့ ယုံကြည်ပါတယ်။"

မော်ရင်ဟိုဟာ လန်ဒန်မှာ အခုချိန်ထိ အိမ်တစ်လုံးရှိသေးပါတယ်။ သူဟာ ချယ်လ်ဆီးမှာ (၂)ရာသီအတွင်းမှာ အက်ဖ်အေဖလား (၁)လုံးရရှိခဲ့သလို ၂၀၀၅၊ ၂၀၀၆ နဲ့ ၂၀၁၅ တို့မှာ ပရီးမီးယားဖလား (၃)လုံး ဆွတ်ခူးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly