ပိုချက်တီနိုကို စပါးအသင်း ရာထူးမှ ထုတ်ပယ်၊ မော်ရင်ဟိုကို စပါးနည်းပြအဖြစ် မြင်တွေ့ရဖွယ်ရှိ

ပိုချက်တီနိုကို စပါးအသင်း ရာထူးမှ ထုတ်ပယ်၊ မော်ရင်ဟိုကို စပါးနည်းပြအဖြစ် မြင်တွေ့ရဖွယ်ရှိ
Photos: EPA

ပရီးမီးယားလိဂ်ရာသီအစ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်ခဲ့အပြီး (၅)လအကြာမှာ စပါးအသင်းက နည်းပြ ပိုချက်တီနိုကို ရားထူးကနေ အင်္ဂါနေ့က ထုတ်ပယ်လိုက်ပါတယ်။

"ပိုချက်တီနိုနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ ဂျီးဆပ်စ်ပီရက်ဇ်၊ အဂိုစတီနိုနဲ့ အန်တိုနီဂျီမီနက်ဇ်တို့ကို သူတို့ရဲ့ တာဝန်တွေကနေ လွတ်မြောက်သွားပြီလို့ ကလပ်အသင်းအနေနဲ့ ဒီကနေ့ ကြေညာနိုင်ပါတယ်။"လို့ ပရီးမီးယားလိဂ်မှာ အဆင့် (၁၄)နေရာ ရပ်တည်နေတဲ့ စပါးအသင်းက ကြေညာချက်ထဲမှာ ပြောပါတယ်။

အသက် (၄၇)နှစ်အရွယ် ပိုချက်တီနိုဟာ ၂၀၁၄ ခုနှစ်က ဆောက်သမ်တန်အသင်းကနေ စပါးအသင်းကို ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ (၄)ရာသီမှာ စပါးအသင်းကို ချန်ပီယံလိဂ်ပုံမှန် ဝင်ခွင့်ရအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။

သူဟာ ဇွန်လက စပါးအသင်းကို ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖေဖော်ဝါရီလကစလို့ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ကျဆင်းခဲ့ပါတယ်။

စပါးအသင်းဟာ ဒီရာသီအစ လိဂ်ပွဲစဉ် (၁၂)ပွဲမှာ (၃)ပွဲသာ အနိုင်ရထားပြီး ထိပ်ဆုံး (၄)သင်းရဲ့ပြင်ပ အဆင့် (၁၁)နေရာမှာ ရပ်တည်နေပြီး ဇယားဦးဆောင်သူ လီဗာပူးလ်နဲ့ ရမှတ် (၂၀)အထိ ကွာဟနေပါတယ်။

"ကျနော်တို့ ဒီလိုအပြောင်းအလဲ လုပ်ဖို့ အရမ်းကို တွန့်ဆုတ်ခဲ့ပြီး ဒါဟာ ပေါ့ပေါ့တန်တန်မဟုတ်သလို မြန်မြန်ဆန်ဆန်နဲ့လည်း ဘုတ်အဖွဲ့က ချတဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။"လို့ စပါးအသင်းဥက္ကဋ္ဌ ဒယ်နီရယ် လီဗိုင်းက ပြောပါတယ်။

"ဝမ်းနည်းစရာက ပြီးခဲ့တဲ့ ရာသီအကုန်ပိုင်းနဲ့ ဒီရာသီအစမှ ပြည်တွင်းရလဒ်တွေက အရမ်းကို စိတ်ပျက်စရာကောင်းပါတယ်။

"ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချဖို့ ဘုတ်အဖွဲ့ဆီ ကျရောက်လာပါတယ်။ ပိုချက်တီနိုနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေကို အမှတ်ရနေမှာပါ။ ဒါပေမယ့်လည်း ကျနော်တို့ ကလပ်အသင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။"

စပါးအသင်းဟာ အသင်းနည်းပြ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက်မှာတော့ ယူနိုက်တက်အသင်း နည်းပြဟောင်း မော်ရင်ဟိုနဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်နေခဲ့ပြီဖြစ်ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက ယူနိုက်တက်က ရာထူးက ထုတ်ပယ်ပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေပါတယ်။

ချယ်လ်ဆီး၊ ပေါ်တို၊ ရီးယဲလ်မက်ဒရစ်နဲ့ အင်တာမီလန်အသင်းတို့ရဲ့ နည်းပြဟောင်းဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားပြီးနောက်ပိုင်း တရုတ်၊ စပိန်နဲ့ ပေါ်တူဂီတို့အပါအဝင် နည်းပြရာထူး အခွင့်အရေးတွေကို ပယ်ချခဲ့ပါတယ်။

မော်ရင်ဟိုနဲ့ စပါးအသင်းတို့ကြားမှာတော့ သဘောတူညီမှု တစ်စုံတစ်ရာတော့ မရှိသေးဘူးလို့ သိရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly