ယခုနှစ်ကုန်တွင် နိုင်ငံခြားသားများ ရန်ကုန်စတော့အိတ်ချိန်းတွင် ရင်းနှီးမြှုပ်နှံနိုင်တော့မည်

ယခုနှစ်ကုန်တွင် နိုင်ငံခြားသားများ ရန်ကုန်စတော့အိတ်ချိန်းတွင် ရင်းနှီးမြှုပ်နှံနိုင်တော့မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၉။     ။ ယခုနှစ်ကုန်မှစတင်ကာ ရန်ကုန်စတော့အိတ်ချိန်းရှိ စာရင်းဝင်ကုမ္ပဏီများတွင် နိုင်ငံခြားသားများ စတော့ ရှယ်ယာ ၃၅ ရာခိုင်နှုန်းအထိ ရင်းနှီးမြှပ်နှံနိုင်မည်ဖြစ်‌ကြောင်း ရန်ကုန်စတော့အိတ်ချိန်း မှ Executive Senior Manager ဖြစ်သူ ဦးသက်ထွန်းဦး မှ ပြောသည်။

ရန်ကုန်စတော့ အိတ်ချိန်းရှိ စာရင်းဝင်ကုမ္ပဏီ ၅ခု ဖြစ်သော First Myanmar Investment (FMI) ၊ Myanmar Thilawa SEZ Holdings (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB)၊ ပထမပုဂ္ဂလိကဘဏ် (FPB) နှင့် ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်သော TMH Telecom တို့တွင် နိုင်ငံခြားသားများ အနေဖြင့် စာရင်းဝင် ကုမ္ပဏီများ ၏စတော့ရှယ်ယာ ၃၅ ရာခိုင်နှုန်း ကို ဒီဇင်ဘာလအတွင်း ရင်းနှီးမြှပ်နှံမှုများ လုပ်ဆောင်နိုင်တော့မှာ ဖြစ်သည်ဟု သိရသည်။

 “ရန်ကုန်စတော့အိတ်ချိန်းမှာရှိတဲ့ စာရင်းဝင်ကုမ္ပဏီတွေမှာ နိုင်ငံခြားသား ဝင်ရောက်ပြီး ရင်းနှီးမြှပ်နှံနိုင်ဖို့ကို ၃၅ ရာခိုင်နှုန်းအထိ သတ်မှတ်နိုင်ဖို ့ကို ဆောင်ရွက်လျက် ရှိပါတယ်။ အခုအတွက် ငွေကြေး သက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် (SECM) ကနေ အသိပေးညွှန်ကြားချက်တွေ ထွက်ထားပြီ။ နောက်ထပ် အသေးစိတ် လိုက်ရမယ့် ညွှန်ကြားချက်တွေကို စောင့်နေတာပါ။ နောက်ထပ် အတည်ပြု ညွှန်ကြားချက်တွေ ထွက်လာရင် ရန်ကုန်စတော့အိတ်ချိန်း နဲ့ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ (Securities)  ၆ ခုက အဆင်သင့်ရှိနေပါပြီ။ ရန်ကုန်စတော့အိတ်ချိန်းဘက်ကလည်း နည်းပညာပိုင်းအရ အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် စာရင်းဝင် ကုမ္ပဏီ ၅ ခုဘက်က ရင်းနှီးမြှပ်နှံမယ့် နိုင်ငံခြားသားကို ၃၅ ရာခိုင်နှုန်းပေးမလား ၊ရာခိုင်နှုန်းဘယ်လောက်ပေးမလဲ ဆိုတာ သူတို့ဘက်က ဆုံးဖြတ်မှာပါ။လက်ရှိ စာရင်းဝင် ကုမ္ပဏီတွေဘက်ကလည်း ဆုံးဖြတ်ပြီးသား ကုမ္ပဏီတွေ ရှိသလို မဆုံးဖြတ်ရသေးတဲ့ ကုမ္ပဏီတွေ ရှိတယ်။ ဒါကြောင့် အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင်တော့ နိုင်ငံခြားသားပါဝင်မှုကို လက်ခံဆောင်ရွက်ဖို့ အဆင်သင့် ရှိပါတယ်” ဟု ရန်ကုန်စတော့အိတ်ချိန်း မှ Executive Senior Manager ဖြစ်သူ ဦးသက်ထွန်းဦး မှ ပြောသည်။

လက်ရှိ စတော့စျေးကွက်တွင် စတော့ရှယ်ယာ ရောင်းဝယ်သူ စိတ်ဝင်စားမှု အများဆုံးအဖြစ် First Myanmar Investment (FMI) ၊ Myanmar Thilawa SEZ Holdings (MTSH) တို့က အဓိက ရှယ်ယာ အရောင်း အဝယ်ပြုလုပ်မှုများပြားလျက်ရှိပြီး ရန်ကုန်စတော့အိတ်ချိန်းစျေးကွက်တစ်ခုလုံး အတိုင်းအတာအရ တစ်ရက်လျှင် ရှယ်ယာအရောင်းအဝယ် ပြုလုပ်မှု ပမာဏ ကျပ်သန်း ၉၀ မှ ၁၀၀ ကြား အတွင်းရှိသည်ဟု သိရသည်။

နိုင်ငံခြားသားများအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်း၌ ပါဝင်နိုင်ရေးအတွက်  ငွေကြေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် (SECM) မှ အသေးစိတ်လိုက်နာဆောင်ရွက်ရန် အချက်များထွက်ရှိရန်သာ ကျန်ရှိနေပြီး စတော့ရှယ်ယာ အရောင်းအဝယ်ပြုလုပ်နိုင်ရန် ဝန်ဆောင်မှုပေးမည့် ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီများ အနေဖြင့် အဆင်သင့်အခြေအနေတွင် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်စတော့အိတ်ချိန်း စျေးကွက် စတင်ချိန်မှ လက်ရှိ အချိန်အထိ ၃ နှစ်ခွဲ ကာလအတွင်း ရှယ်ယာ ရောင်းဝယ်မှုပမာဏ ၁၃ ဒသမ၆၃ သန်း၊ ငွေတန်ဖိုးအားဖြင့် ကျပ်သန်း ၁၃၇ ဘီလျံ အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း ၂၀၂၀ ခုနှစ် အတွင်း၌လည်း ရန်ကုန်စတော့အိတ်ချိန်းတွင် အများပိုင် ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီ တစ်ခုအပါအဝင် ကုမ္ပဏီစုစုပေါင်း ၅ ခု ခန့်က ဝင်ရောက်လာနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly