မြဝတီ သတင်းသည် ပြည်နယ်အဆင့် သဘောတူညီချက်နှင့် ကွဲလွဲနေသည်ဟု SSPP ထုတ်ပြန်

မြဝတီ သတင်းသည် ပြည်နယ်အဆင့် သဘောတူညီချက်နှင့် ကွဲလွဲနေသည်ဟု SSPP ထုတ်ပြန်

အောက်တိုဘာ ၂၀ ရက် ။ ။ မြဝတီသတင်းဌာန၏ သတင်းထုတ်ပြန်ချက်သည် နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အဆင့် ပဏာမသဘောတူညီချက်ပါ အချက်များနှင့် ကွဲပြားနေသည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် က အောက်တိုဘာ ၂၀ ၌ ရှင်းလင်း ထုတ်ပြန်လိုက်သည်။

အောက်တိုဘာ ၁၉ နေ့ရက်စွဲဖြင့် မြဝတီသတင်းဌာန၏ သတင်းတပုဒ်တွင် '၂၀၁၂ ခု ဇန်နာဝါရီ ၂၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် ဝမ်ဟိုင်းဌာနချုပ်၌သာ အခြေပြုနေထိုင်ရန် သတ်မှတ်ထားခဲ့သော် လည်း ဝမ်ဟိုင်းဌာနချုပ်မှ တောင်ဘက် ၁၀ မိုင်ခန့်အကွာတွင် အခိုင်အမာ စခန်းဆောက်၍ အခြေပြုနေကြောင်း စိစစ်တွေ့ရှိရသည်ဟု ဖော်ပြထားသည်ကို တုန့်ပြန်ရှင်းလင်းခြင်းဖြစ်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP-SSA က ထုတ်ပြန်ရာတွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်က နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အဆင့် ပဏာမသဘောတူညီချက် အပိုဒ် (ခ) တွင် ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော်တပ်ဖွဲ့များကို ဝမ်ဟိုင်းတွင်အခြေပြု၍ လက်ရှိဖြန့်ခွဲထားသောနေရာများတွင် ယာယီအခြေပြုနေထိုင်ရန် သဘောတူသည်ဟု ပါရှိကြောင်းဆိုသည်။ ဝမ်ဟိုင်းဌာနချုပ်၌သာ အခြေပြုနေထိုင်ရန် သဘောတူညီချက် လုံးဝမပါရှိဟုလည်း ဖော်ပြသည်။

ထို့ပြင် မြဝတီက 'သိမ်းပိုက်ရရှိခဲ့သည်' ဟု ဖော်ပြထားသည့် နေရာများသည်လည်း UPWC ၏ ညှိနှိုင်း တောင်ဆိုချက်အရ SSPP-SSA ဗဟိုက သဘောထားကြီးစွာဖြင့် ဆုတ်ခွာပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သဘောထားကြီးမှုကို အခွင့်ကောင်း ယူခြင်းသာဖြစ်သည်ဟုလည်း သုံးသပ်ထားသည်။

SSPP-SSA သည် တပ်မတော်စစ်ကြောင်းများနှင့် တိုက်ပွဲဖြစ်ပွားသည့် မိုင်းရှုးအပါအဝင် ရှမ်းပြည်နယ်ရှိ မြို့နယ် ၃၀ တွင် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုတို့အတွက် နှစ်ပေါင်း ဆယ်ချီ လှုပ်ရှား တိုက်ပွဲဝင် နေသည့်အဖွဲ့ဖြစ်သည်ဟု သိရသည်။

၂၀၁၂ ခု ပြည်နယ်/ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်လက်မှတ်ထိုးပြီးနောက် SSPP/ SSA တပ်ဖွဲ့များမှ တပ်မတော်အား စတင်ပစ်ခတ်တိုက်ခိုက်မှုတစ်ကြိမ်မျှမရှိဟုလည်း ဆိုသည်။

အောက်တိုဘာ ၁၉ ရက်စွဲပါ တပ်မတော်ပိုင် မြဝတီသတင်းတပုဒ်ကမူ အောက်တိုဘာ ၁၆ နှင့် ၁၈ ရက်များက လွိုင်လင် ခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး ဝိန်းကောင်ကျေးရွာရှိ တပ်မတော်တပ်ရင်းဌာနချုပ်သို့ SSA (ဝမ်ဟိုင်း) အဖွဲ့များက လက်နက်ကြီး/ငယ်များဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ယင်းအချက်ကို SSPP/ SSA ကမူ ၎င်းတို့၏ တပ်ဖွဲ့များကို တပ်မတော်က လိုက်လံတိုက်ခိုက်ခြင်းသာ အကြိမ် ၅၀၀ ကျော် ရှိပြီး တပ်မတော်တပ်ရင်းဌာနချုပ်သို့ ပစ်ခတ်မှုသည် ၎င်းတို့၏ တပ်ဖွဲ့နှင့် မသက်ဆိုင်ဟု ငြင်းဆိုသည်။

SSPP/ SSA အနေဖြင့် ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ဂုဏ်သိက္ခာရှိရှိ ဆက်လက်ပါဝင်နိုင်ရေး၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် UPWC အား အချိန်နှင့် တပြေးညီ ဆက်လက်တင်ပြညှိနှိုင်းသွားမည်ဟုလည်း ဆိုသည်။

မြန်မာ့တပ်မတော်စစ်ကြောင်းများ၏ ထိုးဖောက်တိုက်ခိုက်မှုများကို မိမိကိုယ်ကိုကာကွယ်သော ခုခံစစ်ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အောက်တိုဘာ ၂၀ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြဝတီကမူ နယ်မြေလုံခြုံရေးကို မထိခိုက်စေရေး၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး မူဘောင် ဆွေးနွေးမှုများ မထိခိုက်စေရေး သတ်မှတ်နယ်မြေသို့ ပြန်လည်ဆုတ်ခွာရန်၊ တပ်မတော်က သတိပေးခဲ့သော်လည်း ဝမ်ဟိုင်းဌာနချုပ် မူလနယ်မြေသို့ ဆုတ်ခွာခြင်း မရှိသည့်အပြင် တပ်မတော်စစ်ကြောင်းများသို့ ပစ်ခတ်လာသဖြင့် ရှင်းလင်းတိုက်ခိုက်ခဲ့ရာ အောက်တိုဘာ ၆ ရက်မှ အောက်တိုဘာ ၉ ရက်နေ့အထိ တိုက်ခိုက်မှု ၃၇ ကြိမ် ဖြစ်ခဲ့သည်ဟု ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags