Miss World 2015 ပြိုင်ပွဲတွင် Talent Show ကို ရှမ်းရိုးရာ ဓားသိုင်းအက ဖြင့် ပြသမည့် အလှမယ် ခင်ရတနာသိန်းမြင့်

Miss World 2015 ပြိုင်ပွဲတွင် Talent Show ကို ရှမ်းရိုးရာ ဓားသိုင်းအက ဖြင့် ပြသမည့် အလှမယ် ခင်ရတနာသိန်းမြင့်

ရန်ကုန်၊ အောက်တိုဘာ ၂၀ ။        ။ Miss Myanmar World 2015 Winner ဆုရှင် အလှမယ် ခင်ရတနာသိန်းမြင့်သည် တရုတ်နိုင်ငံ၊ Hainan ကျွန်းတွင် ၆၅ကြိမ်မြောက် ကျင်းပ ပြုလုပ်မည့် Miss World 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရန် နိုဝင်ဘာ ၂၀ရက်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်သည်။   

ကမ္ဘာ့အလှမယ်ပြိုင်ပွဲများတွင် အကြီးကျယ်ဆုံးပြိုင်ပွဲ တစ်ခုဖြစ်သည့် Miss World ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရန် နိုင်ငံ ကိုယ်စားပြု အလှမယ် ရွေးချယ်ပွဲကို ပထမဆုံးအကြိမ် အဖြစ် Forever BEC-Tero မှ စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါတွင် ဒုတိယအကြိမ်မြောက် ရွေးချယ်ပြီး စေလွှတ်ခြင်း ဖြစ်သည်။

Miss Myanmar World 2015 Grand Final ပြိုင်ပွဲကို ဇူလိုင် ၁၂ရက်တွင် ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Event Park ၌ ကျင်းပခဲ့ပြီး Miss Myanmar World 2015 Winner အဖြစ် ခင်ရတနာ သိန်းမြင့်၊ 1st runner up ကို မော်ရိမ်းလူဆန်၊ 2nd runner up ကို နန်းစန္ဒာလှထွန်း တို့က ရရှိခဲ့သည်။

Miss Myanmar World 2015 Winner ဆုရှင် အလှမယ် ခင်ရတနာသိန်းမြင့်သည် ပြိုင်ပွဲအတွက် Personal & Knowledge Training များ၊ English Training များကို Miss Myanmar World Organization နှင့်အတူ ဘန်ကောက်သို့ သွားရောက် သင်ယူခဲ့ပြီး ဖြစ်သည်။

အလှမယ် ခင်ရတနာသိန်းမြင့်က "ဒီပွဲကနေ အတွေ့အကြုံသစ်တွေ အများကြီးရမယ်လို့ မျှော်လင့် ထားပါတယ်။ လေလံပစ္စည်း ရောင်းချမယ့် အစီအစဉ်လည်း ပါဝင်တာကြောင့် အဲဒီအတွက်ကို Talent Show မှာ ရှမ်းရိုးရာ ဓားသိုင်းနဲ့ ပြမယ့် ဓားနှစ်လက်ကိုပဲ လေလံတင်သွားမှာပါ။ ဒီ ဓားနှစ်လက်က ကျွန်တော့် အတွက် အဓိပ္ပါယ်တွေ အများကြီးရှိပါတယ်။ ဒီဓားက ရှမ်းပြည်နယ်မှာ သီးသန့် ထုတ်လုပ်တဲ့ ဓားလည်းဖြစ်ပါတယ်" ဟု ပြောသည်။

Miss World 2015 ပြိုင်ပွဲတွင် Miss Beauty With A Purpose ဆုလည်း ချီးမြှင့်မည် ဖြစ်ကာ ထိုဆုအတွက် နိုင်ငံအသီးသီးမှ ပြိုင်ပွဲဝင် အလှမယ်များသည် ၎င်းတို့ နိုင်ငံတွင် ရှိသည့် အခက်အခဲများကို ပရောဂျက် တစ်ခု အနေဖြင့် ယူဆောင်လာကြသလို Miss World Organization မှ ထိုပရောဂျက် အားလုံးထဲက တစ်ခုကို ရွေးချယ်ပြီး Miss Beauty With A Purpose ဆု ချီးမြှင့်မည် ဖြစ်ကာ ရွေးချယ် ခံရ သူသည် Top 10 ထဲသို့ အလိုအလျောက် ရောက်ရှိမည် ဖြစ်သည်။

Miss Beauty With A Purpose ရွေးချယ်ခံရသူ၏ နိုင်ငံသို့လည်း Miss World Organization မှ လိုက်လံပြီး ပရိဟိတများ လုပ်ကိုင်မည် ဖြစ်သည်။ အလှမယ် ခင်ရတနာသိန်းမြင့်သည် ထိုဆု အတွက် မြန်မာနိုင်ငံတွင် ခံစား ခဲ့ရသည့် ရေဘေးသင့် အကြောင်းအရာကို ပရောဂျက် တစ်ခုအနေဖြင့် တင်ပြ သွားမည် ဖြစ်သည်။

အလှမယ် ခင်ရတနာသိန်းမြင့် အတွက် ပြိုင်ပွဲတွင် ဝတ်ဆင်မည့် နိုင်ငံကိုယ်စားပြု ဝတ်စုံကို ဒီဇိုင်နာ မမဉ္ဇူမှ မြန်မာထိုင်မသိမ်းကို မြန်မာ့မူမပျက် ဒီဇိုင်း ဖန်တီးပေးမည် ဖြစ်သည်။ ညနေခင်း ဝတ်စုံ နှင့် ပြိုင်ပွဲတွင် ဝတ်ဆင်မည့် ဝတ်စုံများကို ဒီဇိုင်နာ မလတ်က ဖန်တီးပေးမည် ဖြစ်သည်။

ပြိုင်ပွဲ အတွက် Talent ပိုင်းကို ရှမ်းရိုးရာ ဓားသိုင်းအက ပြင်ဆင်ထားပြီး Miss World Final Stage တွင် နိုင်ငံတကာ အလှမယ်များနှင့်အတူ ကပြဖျော်ဖြေရမည့် Dance Of The World အစီအစဉ် အတွက်လည်း ရှမ်းရိုးရာ အက တစ်ခု ဖြစ်သည့် ကိန္နရာ အကကိုလည်း ပြင်ဆင်ထားသည်။

လန်ဒန်မြို့တွင် ကျင်းပခဲ့သည့် Miss World 2014 ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အလှမယ် ဝိုင်းလေးမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင် တရုတ်နိုင်ငံ၊ Hainan ကျွန်းတွင် ၆၅ကြိမ်မြောက် ကျင်းပ ပြုလုပ်မည့် Miss World 2015 ပြိုင်ပွဲသို့ အလှမယ် ခင်ရတာသိန်းမြင့်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

တရုတ်နိုင်ငံ ၊ Hainan ကျွန်းတွင် ဒီဇင်ဘာ ၁၉ရက်၌ ကျင်းပပြုလုပ်မည့် Miss World 2015 ပြိုင်ပွဲကို Channel-7 ရုပ်သံလိုင်းမှ မြန်မာစံတော်ချိန် ည ၇နာရီ မှ ၉နာရီခွဲ တွင် တိုက်ရိုက် ထုတ်လွှင့် ပြသ သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly