လစ်ဗျားက ဘီစကွတ်စက်ရုံ လေကြောင်းတိုက်ခိုက်ခံရပြီး နိုင်ငံခြားသား အလုပ်သမားအများစု အပါအဝင် လူ ခုနစ်ဦး သေဆုံး

လစ်ဗျားက ဘီစကွတ်စက်ရုံ လေကြောင်းတိုက်ခိုက်ခံရပြီး နိုင်ငံခြားသား အလုပ်သမားအများစု အပါအဝင် လူ ခုနစ်ဦး သေဆုံး

ထရီပိုလီ၊ နိုဝင်ဘာ ၁၉။          ။ လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီ တောင်ပိုင်းရှိ ဘီစကွတ်စက်ရုံတစ်ရုံသည် နိုဝင်ဘာ ၁၈ ရက်က လေကြောင်းတိုက်ခိုက်ခံလိုက်ရပြီး နိုင်ငံခြားသား အလုပ်သမား အများစု အပါအဝင် လူခု နစ် ဦးသေဆုံးကာ ၃၀ ဒဏ်ရာရကြောင်း လစ်ဗျား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဝါဒီရာဘီ ဘီစကွတ်စက်ရုံကို တိုက်ရိုက်လေကြောင်းတိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ပြီး သေဆုံးသူများတွင် လစ်ဗျားနိုင်ငံသား နှစ်ဦးအပြင် ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်နှင့် နိုင်ဂျာနိုင်ငံသားများ ပါဝင်ကြောင်း၊ ဒဏ်ရာရသူ ၃၀ တွင် လည်း နိုင်ငံခြားသား အလုပ်သမား အတော်များများ ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ အမ်မင်အယ်လ်ဟာချီမီက ပြောသည်။

ဖြစ်ပွားခဲ့ရာ ထရီပိုလီ ဆင်ခြေဖုံးအရပ်သည် ထရီပိုလီအခြေစိုက် ကြားဖြတ်အစိုးရအဖြစ် ဖွဲ့စည်းထားသော Government of National Accord GNA ကို သစ္စာခံသည့် တိုက်ခိုက်ရေးသမားလက်မှ မြို့ကို လက်ရသိမ်းရေး အတွက် ဗိုလ်ချုပ်ကြီး ခါလီဇာဟက်ဖ်တာ၏ တပ်အင်အားများ ဧပြီလအတွင်းက ထိုးစစ်ဆင်ခဲ့ရာ စစ်တလင်းဖြစ်ခဲ့သည့် ဒေသဖြစ်သည်။

ယခု လေကြောင်းတိုက်ခိုက်မှုသည် ဗိုလ်ချုပ်ကြီး ဟက်ဖ်တာကို ထောက်ပံ့သော ယူအေအီးနိုင်ငံက ဒရုန်းယာဉ်များဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်ကြောင်း GNA ကို ထောက်ခံသော အင်အားစုများက ၎င်းတို့၏ ဖေ့ ဘုတ် စာမျက်နှာ၌ ရေးသားဖော်ပြသည်။

ဗိုလ်ချုပ်ကြီး ဟက်ဖ်တာ၏ တပ်များဖက်က ချက်ချင်း ထင်မြင်ချက်ပေး တုံ့ပြန်ခြင်း မရှိသေးပေ။

လစ်ဗျားနိုင်ငံတွင် ဗိုလ်ချုပ်ကြီး ဟက်ဖ်တာအား ဆော်ဒီအာရေဗျ၊ အီဂျစ်နှင့် ယူအေအီးတို့က ထောက်ခံလျက်ရှိပြီး ကုလသမဂ္ဂ အသိအမှတ်ပြု GNA အစိုးရအား တူရကီနှင့် ကာတာတို့က ကျောထောက်နောက်ခံ ပြုပေးလျက် ရှိသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly