ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို ဗိုလ်တထောင်တရားရုံးတွင် အမိန့်ချ

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို ဗိုလ်တထောင်တရားရုံးတွင် အမိန့်ချ

ရန်ကုန်၊ နိုဝင်ဘာ ၁၈။     ။ တပ်မတော်မှ တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံထားရသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်ခုနှစ်ဦးတို့အနက် ခြောက်ဦးကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ကျခံစေပြီး ကျန်တစ်ဦးကို တရားသေလွှတ်ရန် ဗိုလ်တထောင်တရားရုံးက (ယနေ့)နိုဝင်ဘာ ၁၈ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။

ဗိုလ်တထောင်တရားရုံးတွင်  ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ ၊ ကိုပိုင်ဖြိုး မင်း(ခ)ဒီရေ၊ ကိုဇော်လင်းထွဋ်(ခ) ဖိုးသား၊ မကေခိုင်ထွန်း၊ မဆုရတနာမြင့်တို့အား  အလုပ်နှင့်ထောင် ဒဏ် ပြစ်ဒဏ်ချ မှတ်လိုက်ပြီး ကိုငြိမ်းချမ်းစိုးကို အမှုမှ တရားသေလွှတ်မြောက်ရန် အမိန့်ချခဲ့သည်။

 “ ဒီနေ့ ကျွန်တော်တို့ကို ဗိုလ်တထောင်တရားရုံးကနေ ပုဒ်မ ၅၀၅(က)နဲ့ ကျွန်တော်တို့ကို တစ်နှစ် အမိန့်ချတယ်။ ဒီပြစ်ဒဏ်ကိုကျွန်တော်တို့က လုံးဝအသိအမှတ်မပြုဘူး။ တရားရုံးတွေက နိုင်ငံတော်ကို ကိုယ်စားပြုတယ်။ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ တရားရုံးတွေက ပြည်သူကို  မျက်နှာမမူဘဲ စစ်တပ်ကို မျက်နှာမူပြီး ချတဲ့အမိန့်လို့ ကျွန်တော် တို့ကယူဆတယ်။ တိုင်းပြည်ကို ပြည်သူ့လူထုကိုတရားစွဲ ထောင်ချတဲ့ စစ်တပ်ဟာ သိက္ခာရှိတဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။ အဲ့လိုသိက္ခာမရှိတဲ့ အဖွဲ့အစည်းက ကျွန်တော်တို့ တိုင်းပြည်အတွက် ဗီလိန်ပဲ။  စစ်တပ်က ဗီလိန်ပါပဲ။ တိုင်းပြည်ကောင်းစားဖို့ စစ်တပ်ကို နိုင်ငံအရေး ဖိအားပေးဖို့ ကျွန်တော်တို့ လိုအပ်တယ်”ဟု ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင် က ပြောသည်။

ဗိုလ်တထောင်တရားရုံးတွင် ပုဒ်မ ၆၆ (ဃ)ဖြင့် စွဲဆိုထားသော အမှုအတွက် မှုခင်းဆိုင်ရာ အစီ အစဉ်တစ်ခုဖြစ်သည့် တရားခွင်စစ်ဆေးမှုစီမံချက်များကို ဖတ်ကြားခဲ့ပြီး ပုဒ်မ ၅၀၅ (က)ဖြင့် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ တစ်ကယ်တော့ သင်္ကြန်သံချပ်ဆိုတာတစ်ကယ့်အမှန်တရားတစ်ခုကို ပြည်သူ့လူထုကို တိုင်တည်ပြီး ပြောတဲ့အရာ မြန်မာနိုင်ငံမှာ စစ်တပ်တစ်ခု ထဲရှိတယ်။ ကျွန်တော်တို့ ဒီသံချပ်စာသားတွေနဲ့ပဲ ဒီလူ တွေကပဲထိုးတာ။ အဲ့တာကို တိုင်းစစ်ဌာနချုပ်တွေ ခွဲပြီး တပ်နယ်တွေခွဲပြီး ပုဒ်မတွေခွဲ ၊ မြို့နယ်တွေမှ စွဲထားတယ်။ ပြစ်မှုတစ်ခုကို ပြစ်ဒဏ်နှစ်ခု ပေးလို့မရဘူးလို့ သူတို့ တရားဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ပုဒ်မ ၅၀၅ (က) နဲ့အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်မရမ်းကုန်းတရားရုံးမှ ချထားပြီးပြီ။ အခု ဗိုလ်တထောင်မှာချတယ်။ ထပ်ပြီး ၆၆ (ဃ)နဲ့ တရားစွဲဆိုထားသေးတယ်။ အဲ့တော့ စစ်တပ်က ကျွန်တော်တို့ကို နိုင်ငံရေးအရ  ဖိနှိပ်တယ်။ ဥပဒေအရ ကျွန်တော်တို့ကို အနိုင်ကျင့်နေတယ်။ ဒီလိုစစ်တပ်မျိုး မရှိတာမှ ပိုကောင်းတယ်” ဟု ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုပိုင်ရဲသူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့တွင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ၅ ဦးကို မရမ်းကုန်း တရား ရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁) နှစ်ကျခံရန် အမိန့်ချမှတ်ထားကြောင်း မရမ်းကုန်းတရားရုံးတွင် ချမှတ်ထားသော ပြစ်ဒဏ် တစ်နှစ်မှ ချုပ်ရက် ခံစားခွင့်ရရှိခဲ့ပြီး ယခုဗိုလ်တထောင်တရားရုံးက ချမှတ်လိုက်သော အမိန့်ကိုမူ ပြစ်ဒဏ် အပြည့်အဝ ကျခံရန် ရှိနေကြောင်း သိရသည်။

“‌အပ်တို သံချောင်းတောင်မရှိတဲ့ သံချပ်အဖွဲ့ကို  စိုးရိမ်စွာဖြင့် အခုလိုတစ်မှုပြီး တစ်မှုစွဲဆိုနေတာတော့ သမ္မတကြီး ပြောသလိုပဲ လူ့အခွင့်အရေးတွေ ဆုံးရှုံးတယ်။ ဒီမိုကရေစီ အရေးကို ထိခိုက်တယ်။ တရား ဥပဒေ စိုးမိုးမှုမရှိဘူးလို့ ကျွန်မကိုယ်တိုင်ကိုယ်ကျအမှုတွေကို စစ်ဆေးထားလို့ ဒီလိုပဲမြင်တယ်။ ဒါကြောင့်သက်ဆိုင်ရာအဖွဲ့အစည်း လူကြီးတွေဆီ ဒီအနေအထားတွေကို ဥပဒေရှုထောင့်ကနေ ယှဉ်ပြပြီး တင်ပြသွားမယ်” ဟု ‌‌ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှရှေ့နေ့အဖြစ် လိုက်ပါဆောင်ရွက် ပေးသော တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း ဒေါင်းတို့မျိုးဆက်မှ သံချပ်ဖျော်ဖြေရာတွင် တပ်မတော်အား စော်ကား သည့် အသုံးအနှုန်းပါရှိသည်ဟုဆိုကာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို မရမ်းကုန်း ၊ ဗိုလ်တ ထောင်၊ ဧရာဝတီတိုင်းရှိ ဒေးဒရဲနှင့် ဖျာပုံမြို့နယ်များတွင် ပုဒ်မ ၅၀၅( က) ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ( ဃ ) တို့ဖြင့် တပ်မတော်က တရားစွဲဆိုခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly