ပင်လယ်ထဲသို့ စည်းကမ်းမဲ့ငါးဖမ်းပိုက်များ စွန့်ပစ်နေမှုကြောင့် တနင်္သာရီ သန္တာကျောက်တန်းများ ပိုမို ပျက်စီးနေ

ပင်လယ်ထဲသို့ စည်းကမ်းမဲ့ငါးဖမ်းပိုက်များ စွန့်ပစ်နေမှုကြောင့် တနင်္သာရီ သန္တာကျောက်တန်းများ ပိုမို ပျက်စီးနေ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်) Myanmar Ocean Project

မြိတ်၊ နိုဝင်ဘာ (၁၈)။       ။ တနင်္သာရီတိုင်း အတွင်းရှိ ထားဝယ်ခရိုင်၊မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ပင်လယ်ပြင်ထဲသို့ ငါးဖမ်းလှေများမှ စည်းကမ်းမဲ့ငါးဖမ်းပိုက်နှင့် အမှိုက်များကို စွန့်ပစ်မှုများကြောင့် ရေအောက်ရှိ သန္တာ ကျောက်တန်းများမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုပျက်စီး နေကြောင်း သိရသည်။

အဆိုပါကိစ္စကို ထိန်းသိမ်းမှု မပြုလုပ်ပါက ရေရှည်တွင် ရေအောက်သယံဇာတများ ပျက်စီးသွားနိုင် သည်ဟု စွန့်ပစ်အမှိုက်များကို လိုက်လံကောက်ယူ နေသော Myanmar Ocean Project အဖွဲ့ထံမှ သိရ သည်။

“ကျွန်မက ရေအောက်မှာရှိတဲ့ ရှားပါး ငါးမျိုးစိတ်တွေကို သုတေသနလုပ်ရင်းနဲ့ ရေအောက် ကြမ်းပြင် မှာ ပစ်ချထားတဲ့ ငါးဖမ်းပိုက်တွေကို စွန့်ပစ်ထားတာ အများကြီး တွေ့ရပါတယ်။ အဲ့လို ပစ်ထားတာက သန္တာကျောက် တန်းတွေ အများကြီးပျက်စီးနေသလို ရေနေသတ္တဝါတွေ ပိုက်နဲ့ ငြိပြီး သေနေတာ တွေ့ရတော့ လူအဖွဲ့စည်းအတွက်လည်း အကျိုးမရှိဘူး ဖြစ်နေတော့ ဒါကို နိုင်ငံတကာ အထောက် အပံ့နဲ့ ဆယ်ယူခြင်းဖြစ်တယ်”ဟု Myanmar Ocean Project မှ ဒါရိုက်တာ မသန္တာကိုကြီးက ပြော သည်။

မြိတ်ကျွန်း၏ လူသိများသော ကျွန်းအပန်းဖြေ ခရီးသွားလုပ်ငန်းများ အနက် လူစိတ်ဝင်စားသည့် ရေ အောက်သယံဇာတနှင့် သန္တာကျောက်တန်းများကို ရေရှည်ထိန်သိမ်းရန် လိုအပ်နေကြောင်း သိရ သည်။

Myanmar Ocean Project အဖွဲ့သည် အဏ္ဏဝါရေပြင်ထိန်သိမ်းသည့်အနြေဖင့် ပင်လယ်ပြင်ထဲမှ စွန့်ပစ်အမှိုက်နှင့် ငါးဖမ်းပိုက်များကို လိုက်လံဆယ်ယူလျက်ရှိပြီး တစ်နှစ်အတွင်း နေရာ ၅၀ ကျော်မှ အမှိုက်ကီလိုပေါင်း ၁၆၀၀၀ ကိုကောက်ယူထားကြောင်း သိရသည်။

“ဒေသခံတွေက ပင်လယ်ပြင်မှာ ငါးဖမ်းပိုက်တွေချထားရင် လှေကျောက်ချလို့ ပိုက်နဲ့ငြိသွားရင် ပိုက်ကွဲတာမျိုး ရှိပါတယ်။ ဒါဆိုရင် သူတို့က ပြန်မဆယ်တော့ဘဲအသစ် အစားထိုးတယ်။ ကျန်နေ သေးတဲ့ အဟောင်းတွေက ပြန်ရောင်းဖို့နဲ့ သယ်လာဖို့က အခက်အခဲရှိနေတော့ ပင်လယ်ထဲမှာ ဒီအတိုင်း ပစ်ချထားတာ များတယ်” ဟု လငန်းကျေးရွာမှ ဦးမြင့်လွင်က ပြောသည်။

ထိုကဲ့သို့ ရေအောက် သယံဇာတများ ပျက်စီးလာမှုကြောင့် ရေလုပ်သားများ အနေဖြင့် မြန်မာ့ ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးရရှိမှုမှာ လွန်ခဲ့သော ငါးနှစ်ထက် ထက်ဝက်ကျော်လျော့နည်းလာ ကြောင်း ရေလုပ်သားများထံမှ သိရသည်။

ကမ္ဘာ့ပင်လယ်သမုဒ္ဒရာကြီးထဲသို့ ငါးဖမ်းသင်္ဘောများထံမှ စွန့်ပစ်သည့် ငါးဖမ်းပိုက်အရေအတွက်သည် နှစ်စဉ် မက်ထရစ်တန်ချိန်ပေါင်း ၆ သန်းကျော်ခန့်အထိ ရောက်ရှိနေကြောင်း ထိုသို့ စွန့်ပစ်မှုကြောင့် ရေနေ သတ္တဝါများ သိန်းနှင့်ချီကာ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုများ ရှိနေကြောင်း World Animals Protection အဖွဲ့က ခန့်မှန်းထားသည်။

ထိုအပြင် Myanmar Ocean Project အဖွဲ့မှ ရရှိလာသည့် အချက်အလက်များကို သက်ဆိုင်ရာ အဖွဲ့စည်းများ သိရှိအောင် ပြုလုပ်၍ မြန်မာ့ရေအောက် သယံဇာတကို စနစ်တကျထိန်းသိမ်း နိုင်အောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly