ဆီးရီးယားကာ့ဒ်အုပ်စု ရုရှတွင် မစ်ရှင်တစ်ခုဖွင့်နို်င်

ဆီးရီးယားကာ့ဒ်အုပ်စု ရုရှတွင် မစ်ရှင်တစ်ခုဖွင့်နို်င်

မော်စကို၊ အောက်တိုဘာ ၂၀ ။         ။ ဆီးရီးယားကာ့ဒ်အုပ်စုတစ်ခုဖြစ်သော Syrian Kurdish Democratic Union (PYD) သည် ရုရှတွင် မစ်ရှင်တစ်ခုဖွင့်ရန် စီစဉ်နေသည်ဟု ရုရှ၏ Kommersant သတင်းစာက အောက်တိုဘာ ၂၀က ဖော်ပြခဲ့ရာ ယင်းပါတီကို အကြမ်းဖက်အုပ်စုတစ်ခုအဖြစ် ရှုမြင်နေသည့် တူရကီအတွက် ဒေါသထွက်စရာ ဖြစ်လာသည်။

ယင်းကာ့ဒ်အုပ်စု၏ ခေါင်းဆောင်များသည် အောက်တိုဘာ ၂၁ တွင် ရုရှနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနနှင့် ဆွေးနွေးတိုင်ပင်မှုများပြုလုပ်မည်ဖြစ်ကာ ယင်းဆွေးနွေးမှုများတွင် ရုရှတွင် ရုံးတစ်ခုဖွင့်လှစ်ရေးလည်း ပါဝင်မည်ဟု သတင်းစာက ဖော်ပြသည်။ မစ်ရှင်၏ ရည်ရွယ်ချက်မှာ အိုင်အက်စ်ကို တိုက်ခိုက်ရာတွင် မော်စကိုနှင့် ပူးပေါင်းဆောင်ရွက်မှုခိုင်မာရန်ဖြစ်သည်ဟု သတင်းစာက ရေးသားခဲ့သည်။

လွန်ခဲ့သည့် သုံးပတ်က ဆီးရီးယားတွင် လေကြောင်းတိုက်ခိုက်မှု စတင်ပြုလုပ်ခဲ့သော ရုရှသည် PYD နှင့် ယင်း၏လက်နက်ကိုင်တပ်ဖွဲ့ YPG ကို ထောက်ပံ့မှုပေးနေသည်ဟု တူရကီက သံသယရှိနေ သည်။

ဆီးရီးယား အနောက်တောင်ပိုင်းရှိ ၎င်း၏နယ်ခြားဒေသများအနီး နယ်မြေများကို ကာ့ဒ်တို့ကသိမ်းပိုက်မှုအား သည်းခံမည်မဟုတ်ဟု အန်ကာရာက မော်စကိုကို သတိပေးထားသည်။

PYD ကမစ်ရှင်တစ်ခုဖွင့်ခြင်းသည် အန်ကာရာထံမှ ပြင်းထန်သည့်တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေမည်ဟု တူရကီသံတမန်သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ရုရှသတင်းစာက ဖော်ပြခဲ့သည်။ တူရကီနှင့် ရုရှမှာ ဆီးရီးယားအရေးနှင့် ပတ်သက်၍ ဆက်ဆံရေးတင်းမာလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly